မနီလာသိန်း အစာငတ်ခံဆန္ဒပြ၊ နေဘုန်းလတ်က ဒေါ်အောင်ဆန်းစုကြည်အတွက်စိုးရိမ်
2010.12.09

မနီလာသိန်းကို ဆွေမျိုးတွေက သရက်ထောင်မှာ တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့ရာမှာ ထောင်ဝင်စာ ပိတ်ထားကြောင်း ထောင်အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ မနီလာသိန်းရဲ့ ယောက်မ ဖြစ်သူ၊ တောင်ကြီးထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ညီမ မသန္တာယုက ပြောပါတယ်။
“၆ ရက်နေ့တုန်းကလေ၊ နီလာ့ကို ထောင်ဝင်စာ သွားတွေ့တာလေ၊ သရက်ထောင်ပေါ့၊ အဲဒီ ဟိုရောက်တော့မှ ထောင်ဝင်စာ ပိတ်ထားတယ်တဲ့။ အစာငတ်ခံ ဆန္ဒပြလို့၊ အဲဒီအကြောင်းပဲ သိခဲ့ရတယ်။ ဟို ကလေးပါ ပါတယ်လေ၊ သွားတော့၊ ကလေးပါနေတဲ့အတွက် ငါးမိနစ်လောက် ပေးတွေ့ပါလို့။ ဘယ်လိုမှ ပြောလို့မရဘူး။ ဟို ပါဆယ် ပစ္စည်းကတော့ ထားခဲ့ရတယ်။ လူတော့ တွေ့ခွင့်မရဘူးပေါ့။ အဲဒါ ဘယ်နေ့ တွေ့ရမယ်ဆိုတာကတော့ ကိုယ့်ဖာသာပဲ စုံစမ်းရမှာပေါ့။ ဘာမှ အတိအကျ မသိရဘူးပေါ့။”
မနီလာသိန်း အစာငတ်ခံ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဆိုတာ မသိရသေးပေမဲ့ လွန်ခဲ့တဲ့ ၂ လလောက်က ထောင်မှူး အပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် သရက်ထောင်အတွင်း အာဏာပိုင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအပြင် ထောင်ဝန်ထမ်းတွေနဲ့ အရာရှိတွေကြားမှာပါ ပြဿနာတွေ ဖြစ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
“ပထမ ထောင်ပိုင်တုန်းကတော့ ဒီ အကျဉ်းသားတွေပေါ်မှာ တော်တော်လေးကို လူလို ဆက်ဆံပြီးတော့ တော်တော်လေး ကောင်းတဲ့ အနေအထားမျိုး ရှိတယ်။ နောက် ထောင်ပိုင် အသစ် ရောက်လာတဲ့အခါကျတော့ ထောင်ပိုင်အသစ်က ဒီ နဂို ထောင်ပိုင်အဟောင်းကနေ ပေးထားတဲ့ အခွင့်အရေးတွေကို သူတို့ ပြန်ပြီးတော့ ပိတ်ပင်တာမျိုးတွေ ရှိတယ်။”
“အဲလို ပိတ်ပင်တဲ့အခါမှာ ဒီအကျဉ်းသားတွေအတွက်တင် မဟုတ်ပဲနဲ့ သူတို့ ဝန်ထမ်းတွေကိုပါ ပိတ်ပင်တာမျိုးတွေ အများကြီး လုပ်တာမျိုးတွေ ရှိတယ်။ အဲဒီအတွက် ဒီ သရက်ထောင်ရဲ့ အခြေအနေမှာ အာဏာပိုင်နဲ့ အထူးသဖြင့်တော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကြားထဲမှာ တင်းမာမှုတွေ တော်တော်ဖြစ်နေတာကို ကျွန်တော်တို့ သိရပါတယ်။”
မနီလာသိန်းဟာ တောင်ကြီးထောင်မှာ အကျဉ်းကျနေတဲ့ ခင်ပွန်းသည် ကိုဂျင်မီလို နည်းတူ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတာဖြစ်ပါတယ်။
ဒီအတောအတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးကို အထူး စိုးရိမ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံနေကြတဲ့ လူငယ်တွေအနေနဲ့လည်း မိမိတို့ ခေါင်းဆောင်ကို သစ္စာရှိရှိ ကာကွယ် စောင့်ရှောက်ကြဖို့ ဖားအံထောင်မှာ အကျဉ်းကျနေတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က မေတ္တာရပ်ခံ ပန်ကြားလိုက်ကြောင်း ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိခင် ဒေါ်အေးအေးသန်းက RFA ကို ပြောပါတယ်။
ဘလော့ဂါ ကိုနေဘုန်းလတ်ကို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ အာဏာပိုင်တွေက အီလက်ထရွန်းနစ် အက်ဥပဒေ ဗွီဒီယိုအက်ဥပဒေတွေနဲ ထောင်ဒဏ် နှစ် ၂၀ နဲ့ ၆ လ ချမှတ်ပြီး ဖားအံထောင်ကို ပို့ခဲ့ပါတယ်။
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာ ထောင်ဒဏ် ၈ နှစ်ခွဲအထိ လျှော့ပေါ့ပေးခဲ့ပါတယ်။