လက်ပံတောင်းအရေး ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပြောကြား ချက် ကော်မတီငြင်းဆို


2015.01.08
lpt-commission-305.jpg လက်ပံတောင်းတောင်စီမံကိန်း အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်မြင့် နေပြည်တော်မှာ ဇန်နဝါရီလ ၈ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Myo Thant Khaing/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရတာဟာ စုံစမ်းစစ်ဆေးရေးကော် မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင် အထည်ဖော်မှု မရှိတာကြောင့်ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အထည်ဖော် မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။

အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်းအကြံပြု ချက်တွေ ထက်တောင်ကျော်လွန်ပြီး ဆောင်ရွက်ပေးနေ တယ်လို့ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

"စုံစမ်းရေးကော်မရှင် ဥက္ကဌက ပြောတယ်ပေါ့၊ သို့သော်လည်း လိုက်နာမှုမရှိဘူးဆိုတဲ့အပိုင်းက ကျနော်တို့ဖက်က စုံစမ်းရေးကော်မရှင် အကြံပေး ချက်တွေကို အပြည့်အဝဆောင်ရွက်ပေးနေတယ်၊ ဒီအစီရင်ခံစာမှာပါတဲ့ အချက်တွေအပြင်တောင်မှ ပိုပြီးတော့ဆောင်ရွက်ပေးနေတာတွေကို တင်ပြလိုတယ် ၊ လျော်ကြေးတွေပေးလိုက်ဆိုပြီး ကျနော်တို့ပေးတယ်၊ သို့သော် ကျနော်တို့ရဲ့ စေတနာမေတ္တာကို နားလည်တဲ့ လူထုက လာထုတ်တယ်၊ လျော်ကြေးမထုတ်တဲ့လူတွေကို ကျနော်တို့က ဖြောင်းဖျပြီး အိမ်တိုင်ယာရောက် လိုက်ပေးတယ်၊ အဲဒီ့ရွာတွေမှာကို လိုက်ပြီးတော့ပေးတယ်၊ အဲ့လိုပေးတဲ့ဟာကို လက်မခံတဲ့သူက မလိုက်နာ တာလား၊ ကျနော်တို့က စုံစမ်းရေးကော်မရှင်မှာပါတဲ့အတိုင်း လျော်ကြေးပေးနေတာ နှစ်ကြိမ်၊ သုံးကြိမ် အထိပေးနေတာကို လျော်ကြေးမယူပါဘူးလို့ ပြောနေတဲ့သူတွေ၊ ကျနော်တို့ကတော့ ဒီစုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ ဆောင်ရွက်ပါတယ်၊ အဲတော့ မလိုက်နာဘူးဆိုတာ မဟုတ်ပါဘူး"

ဒါ့အပြင် ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်စေဖို့အတွက် ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့လည်း အတွင်းရေးမှူး ဦးတင်မြင့်က ဆိုပါတယ်။ ဒေသ ခံတောင်သူတွေကို သွေးထိုးလှုံ့ဆော်နေသူတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေကို အမှုဖွင့်အရေးယူဖို့ ပြင်ဆင်နေ တယ်လို့လည်း ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၂၆ ရွာကို ကြေးနီစီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားရာကနေ ၇ ရွာကို ထပ်တိုးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က စီမံကိန်းတိုးချဲ့ဧရိယာတွေမှာ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ က ခြံစည်းရိုးဝင်ခတ်ရာ တားမြစ်ခဲ့တဲ့ ဒေသခံတွေတောင်သူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားပြီး ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးအစီရင်ခံစာ အကောင်အထည်ဖော်မှုကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

သတင်းစာရှင်းလင်းပွဲအပေါ် ဒေသခံတွေရဲ့ တုန့်ပြန်ချက်တွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။