နယ်စပ်ကဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃ဝဝ ကျော် ထိုင်းရဲ ဖမ်းဆီး

မေလ ၁ ရက်နေ့က ၅ ရက်နေ့ထိ နယ်စပ်ခရိုင်တွေကနေ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ဝဝ လောက် ထိုင်းရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူက ပြောပါတယ်။
တာခ့်ခရိုင်၊ ဖုတ်ဖရမြို့နယ်ထဲ တရားမဝင် ဝင်လာတဲ့ မြန်မာလုပ်သား ၂ဝ ဦး၊ ပရာကျွတ်ခရီခန်ခရိုင်ကနေ ဝင်လာတဲ့ မြန်မာအလုပ်သမား ၉၈ ဦးတို့ မေလ ၄ ရက်နေ့က ဖမ်းဆီးခံရပြီး မလေးရှားနယ်စပ် ဆိုခလာမြို့နယ်မှာလဲ မြန်မာလုပ်သား ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“တာခ့်ခရိုင်မှာ ၂ဝ ဝင်တယ်။ မေ ၄ ရက်နေ့က ပရာကျွတ်ခရီခန်မှာ ၉၈ ယောက်၊ မေလေ ၃ ရက်နေ့က ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့မှာ ၃၃ ယောက်၊ မေလ ၂ ရက်နေ့က ကန်ချနဘူရီမှာ ၅၇ ယောက်၊ မေလ ၁ ရက်နေ့ တာခ့်ခရိုင် ဝမ်ကျောက်မှာ ၅၄ ယောက်၊ အားလုံးပေါင်း ၂၆၂ ယောက်၊ လူမှောင်ခိုတယောက်မှ မမိသေးဘူး။ ဆုန်ခလာဘက်မှာ ၁၄ ယောက် ၃ဝဝ ခန့်လို့ ပြောလို့ ရတာပေါ့”
မေလ ၅ ရက်နေ့ကလည်း မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့သွားတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦးကို မလေးရှားနယ်စပ်မှာ ထိုင်းရဲတွေ ဖမ်းဆီးမိခဲ့ပြီး အဲဒီသူတွေဟာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်တွေကနေ လာခဲ့ကြတာဖြစ်ကြောင်းနဲ့ လူပွဲစားကို ဘတ်ငွေ သုံးသောင်းပေးခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ဝဝ ကျော်နဲ့ လူမှောင်ခိုပွဲစား ၁၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်ရှာဖွေဖို့ မြန်မာနိုင်ငံသားတွေ နေ့စဉ် အစုအပြုံလိုက် ဝင်လာကြတာဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းအစိုးရက နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ သန့်ရှင်းရေး၊ ကျန်းမာရေး၊ လုံခြုံရေးတွေ အားလုံး အသင့်ပြင်ထားပြီးဖြစ်ပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှာ သန့်ရှင်းရေးသာလုပ်ထားပြီး အခုထိ ပြန်ဖွင့်ဖို့ အကြောင်းမပြန်သေးဘူးလို့လည်း သိရပါတယ်။