ကပ်ဘေးကာလအတွင်း ခိုးဝင်လာတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၁၀ ယောက်ကို နေပြည်တော်မှာ ဖမ်းမိ


2020.08.17
illegal-chinese-622 တရားမဝင် တရုတ်နိုင်ငံသား ၁၀ ယောက်ပါလာတဲ့ မော်တော်ယာဉ် တိမ်းမှောက်ခဲ့စဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

နေပြည်တော်၊ တပ်ကုန်းမြို့မှာ တရားမဝင် တရုတ်နိုင်ငံသား ၁၀ ယောက်ကို ဖမ်းမိထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဩဂုတ် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကနေ တပ်ကုန်းမြို့ဘက် မောင်းလာတဲ့ လင်ခရူဇာ အမျိုးအစား မော်တော်ယာဉ် တစ်စီးဟာ အိုက်ကျယ်ရွာနဲ့ ဂွေ့ကြီးရွာကြားမှာ အရှိန်မထိန်းနိုင်ဘဲ မှောက်ခဲ့ပါတယ်။

အဲဒီနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားစစ်တဲ့အခါမှာ ကားထဲ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား ၁၁ ယောက်မှာ ၁ ယောက်သာ နိုင်ငံကူးလက်မှတ် ပြနိုင်ခဲ့တယ်၊ ယာဉ်မတော်တဆမှုမှာ ဒဏ်ရာရသူ ၆ ယောက် ရှိတာကြောင့် အိုက်ကျယ်ရွာသားတွေက တပ်ကုန်းပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို အရေးယူဆောင်ရွက်ထားမှု အခြေအနေကို တပ်ကုန်းမြို့မ ရဲတပ်ဖွဲ့စခန်းကို ဒီကနေ့ သြဂုတ် ၁၇ ရက်နေ့မှာ ဆက်သွယ်မေးမြန်းရာမှာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ဖြေဆိုလို့မရကြောင်းသာ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး ဆောင်ရွက်နေတဲ့ကာလမှာ တရုတ်မြန်မာနယ်စပ်ကို ခရီးသည် ဖြတ်သန်းသွားလာခွင့် ပိတ်ထားပါတယ်။

နေရပ်ပြန်လိုသူတွေကိုတော့ နယ်စပ်မှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး စောင့်ကြည့်ရေးစခန်းတွေမှာ ၁၄ ရက်ကြာ နေထိုင်စေပြီး ပိုးကင်းစင်တယ်ဆိုတာ အတည်ပြုနိုင်မှ ခရီးဆက်ထွက်ခွင့် ရှိပါတယ်။

ခိုးဝင်လာသူတွေ အရေးယူခံရပြီး နောက်ပိုင်းမှာ သူတို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ မသိရသေးပါဘူး။

မန္တလေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

မန္တလေးမှာ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို လဝက အက်ဥပဒေ ပုဒ်မ ၃ (၁)/ ၁၃ (၁) တို့နဲ့ အရေးယူဆောင်ရွက်နေပြီး တချို့ကတော့ တရားရင်ဆိုင်နေရသူတွေရှိသလို အချို့ကိုတော့ ထောင်ဒဏ် (၁) လကနေ (၆) လ၊ ငွေဒဏ် ငါးသိန်း အမိန့်ချခဲ့တာတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။