ဖမ်းမိထားတဲ့ တရုတ်ကုန်တင်ကား ၃၁ စီးပါ ပစ္စည်းတွေကို စစ်ဆေး


2018.08.06
illegal-china-truck-622.jpg တရုတ်ကုန်တင်ကား ၃၁ စီးနဲ့ အတူဖမ်းဆီးရမိထားပြီး ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးလို့ ယူဆရတဲ့ ပစ္စည်းတွေကို ၂၀၁၈ သြဂုတ် ၆ က ထိန်းသိမ်းသိုလှောင်နေစဉ်
Photo: Kyaw Myo Min/ RFA

သြဂုတ်လ ၂ရက်နေ့က တရုတ်-မြန်မာနယ်ခြား ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကနေတဆင့် တရားမဝင် ရောက်ရှိလာတဲ့ ဖမ်းဆီးထားတဲ့ တရုတ်ကုန်တင်ကား ၃၁ စီးပေါ်က ပစ္စည်းတွေကို မြစ်ကြီးနားမြို့မှာ ဒီကနေ့ စတင်စစ်ဆေးနေပါတယ်။

အဲဒီပစ္စည်းတွေကို စိစစ်နေဆဲနေတာနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် ရဲတပ်ရုံး က ဒုတိယ ရဲမှူးကြီး မျိုးသူရနောင် က အခုလိုပြောပါတယ်။

"အဓိကကတော့ သက်ဆိုင်ရာ ဋ္ဌာနအဖွဲ့အစည်းတွေကနေပြီးတော့မှ ဒါတွေကို အဖွဲ့စုံနဲ့ပေါ့နော် စစ်ဆေးပြီးတော့ မှ အဲဒီစစ်ဆေးပေါ်ပေါက်ချက်အပေါ် မူတည်ပြီးတော့မှပဲ ကျနော်တို့ ရဲတပ်ဖွဲ့က ဆက်လက်ပြီး လုပ်ဆောင် သွားရမယ့်အပိုင်းဖြစ်ပါတယ်။ ကျနော်သိရတာကတော့ လက်ရှိအချိန်မှာတော့ ကား ၃၁ စီးရယ် တရုတ်နိုင်ငံသား ၈ ယောက်ရယ် ဖမ်းဆီးရမိထားတယ်။ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၂ ဦးကိုတော့ လတ်တလောအခြေအနေမှာတော့ လဝက အက် နဲ့ အမှုဖွင့်ပြီး အရေးယူဆောင်ရွက်နေတယ်။ ပြီးတော့ သူတို့ဝင်ရောက်လာတဲ့ အနေအထားတွေတော့ သက်ဆိုင်ရာ ဦးစီးဋ္ဌာနအလိုက်ကနေပြီးတော့မှ စိစစ်ဆောင်ရွက် နေတဲ့ အပိုင်းလို့ပဲ ပြောလို့ရတယ်"

အခုလို ဖမ်းဆီးရမိတာအပြင် ရွှေ၊ ကျောက်စိမ်း၊ ပယင်း စတဲ့ ဓါတ်သတ္တုတူးဖော်ရေးလုပ်ငန်း နဲ့ မူးယစ်ဆေးဝါး အပါအဝင် တခြားကိစ္စတွေနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးရမိတာတွေရှိတယ်လို့ ဆိုပါတယ်။

အဲဒီတရုတ်ကုန်ကားကြီးတွေပေါ်မှာ ဓါတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေ တရားမဝင်သယ်ဆောင်လာတာလို့ အာဏာပိုင်တွေက ကနဦး ယူဆထားပေမယ့် စစ်ဆေးပြီးမှသာ အတိအကျပြောနိုင်မှာဖြစ်ပါတယ်။

လတ်တလောမှာ တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးထားပြီး အဲဒီထဲက နှစ်ယောက်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ နဲ့ အမှုဖွင့်ထားပါတယ်။ အဲဒီ ၈ ယောက်လုံးကို စိုက်ပျိုးရေး၊ အကောက်ခွန်၊ ကညန စတဲ့ ဋ္ဌာနဆိုင်ရာတွေရဲ့ ဥပဒေတွေနဲ့ ညှိစွန်းမှု ရှိ မရှိကိုတော့ လောလောဆယ် မသိရှိရသေးပါဘူး။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်အပါအဝင် တရုတ်-မြန်မာ နယ်စပ် က တခြား ဝင်ပေါက်မျိုးစုံကနေ ကန့်သတ်ကုန်ပစ္စည်းတွေနဲ့အတူ ပစ္စည်းမျိုးစုံကို တရားဝင်ရော တရားမဝင်ပါ တင်သွင်း၊ တင်ပို့နေကြတာဟာ နှစ်များစွာကြာနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။