မြန်မာနဲ့ တရားမဝင်ကုန်သွယ်မှုတွေ ရပ်ဆိုင်းဖို့ အိန္ဒိယ ပြင်ဆင်
2025.02.24

မြန်မာနိုင်ငံနဲ့ တရားမဝင်ကုန်သွယ်မှုကို ရပ်ဆိုင်းဖို့အတွက် အိန္ဒိယအစိုးရက ပြင်ဆင်နေကြောင်း Times of India က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဖော်ပြပါတယ်။
မီဇိုရမ်ပြည်နယ် ဇိုခေါ်ထာရ်မြို့နဲ့ မြန်မာနယ်စပ်ကြား တရားမဝင်ကုန်သွယ်မှုတွေကို ရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ အိန္ဒိယအာသံရိုင်ဖယ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့တာလို့ ဆိုပါတယ်။
ဇိုခေါ်ထာရ်နယ်စပ်ဂိတ်ကနေ တရားမဝင်ကုန်သွယ်မှု အများအပြားရှိနေပြီး ဒါဟာ အိန္ဒိယအစိုးရရဲ့ ဘဏ္ဍာငွေကို ထိခိုက်စေတယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်လာသူတွေ သယ်ဆောင်လာတဲ့ပစ္စည်းတွေ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဇိုခေါ်ထာရ်မြို့နယ်စပ်ဂိတ်ဟာ မြန်မာနိုင်ငံက အဝတ်အထည်၊ ငွေထည်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ အချိုရည်တို့ကို တင်သွင်းနေတာလို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဘက်ကလည်း ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့မှာ နေထိုင်တဲ့ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်နေ ဆန်၊ ဆီ၊ ဆား၊ ငါးပိတို့ကို အဓိက တင်သွင်းနေပြီး အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၂) ရိခေါ်ဒါရ် - ရိဒ်- ဇိုခေါ်ထာရ် ကုန်သွယ်ရေးတံတားဟာ နှစ်နိုင်ငံကြား တရားဝင် ကုန်သွယ်ခွင့်ပြုထားတဲ့ နယ်စပ်ဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။