တရားမဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ ဖွဲ့
2018.07.02

ရှမ်းပြည်နယ်အတွင်း တရားမဝင် ကုန်သွယ်မှုတွေကို တားဆီးဖို့ ဌာနဆိုင်ရာအသီးသီးက အဖွဲ့ဝင် ၇ ဦးပါတဲ့ အထူးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ပြောပါတယ်။
အထူးအဖွဲ့ကို စီမံကိန်းနဲ့ ဘဏ္ဍာရေး၊ အကောက်ခွန်၊ သွင်းကုန်/ထုတ်ကုန်၊ စားသုံးသူရေးရာ စတဲ့ ဦးစီးဌာနတွေက လူဦးရေ ၇ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး စိုင်းရှဲန်တစ်ပ်လုံ က ပြောပါတယ်။
"ပါသင့်၊ ပါထိုက်တဲ့ အဖွဲ့တွေ ထည့်ပြီးတော့မှ အောက်ခြေမြို့နယ်အထိတော့ စာထွက်ထားပြီးပြီ၊ ဘဏ္ဍာရေးနဲ့ စီမံကိန်းပါတယ်၊ နယ်စပ်မှာဆိုတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ဌာနတွေ၊ သွင်းကုန်/ထုတ်ကုန် ဌာနတွေရှိမယ်၊ အကောက်ခွန်ဌာနတွေ ရှိမယ်၊ စားသုံးသူရေးရာဌာနတွေ ရှိမယ်၊ သစ်တောလည်းပါမယ်၊ စိုက်ပျိုးရေးဌာန လည်း ထည့်ရတာပေါ့လေ၊ ၇ ယောက်လောက်တော့ အနည်းဆုံးရှိမယ်၊ ခန့်မှန်းပေါ့လေ"
တရားမဝင် ကုန်သွယ်မှုတွေကို အထူးအဖွဲ့တွေ ဖွဲ့စည်းပြီး တားဆီးဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြီးခဲ့တဲ့ ဇွန်လလယ်လောက်က ညွှန်ကြားထားတာလို့ သိရပါတယ်။
အရင်အစိုးရလက်ထက်က Mobile Team လို့ခေါ်တဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီ ရှိခဲ့ပေမယ့် အဲဒီကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။
အဲဒီ Mobile Team တွေ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ တရားမဝင်ကုန်သွယ်မှုတွေ များလာတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြည်နယ်နဲ့ တိုင်း ၆ ခု မှာ တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးရေးစီမံချက်ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသက တရားမဝင် ကုန်သွယ်မှုတွေ များလာတာဟာ မသမာတဲ့ ကုန်သည်တွေနဲ့ အကျင့်ပျက် ဝန်ထမ်းတွေကြောင့် ဖြစ်တယ်လို့လည်း ဝန်ကြီး ဒေါက်တာ သန်းမြင့် က အဲဒီအချိန်က ထည့်သွင်း ပြောကြား ခဲ့ပါတယ်။