ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ မြန်မာစစ်တပ် ဖြန့်ဝေခဲ့ကြောင်း IIMM ထုတ်ပြန်

RFA Burmese
2024.03.27
ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ မြန်မာစစ်တပ် ဖြန့်ဝေခဲ့ကြောင်း IIMM ထုတ်ပြန် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
RFA

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေတာတွေကို အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က မတ်လ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်လိုက်ပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း ဖေ့ဘွတ်စ်စာမျက်နှာပေါင်း ၄၃ ခုက ရေးသားထားတဲ့ အကြောင်းအရာတွေကို စိစစ်ချက်အရ အမုန်းစကားလို့ သတ်မှတ်တဲ့ ပို့စ်ပေါင်း တစ်သောင်းကျော် တွေ့ခဲ့ပြီး ပို့စ်တစ်ခုမှာ ရိုဟင်ဂျာတွေကို ပစ်ခတ်၊ သတ်ဖြတ်ဖို့နဲ့ မြန်မာနိုင်ငံကနေ အပြီးတိုင်ဖယ်ရှားဖို့ ပြောဆိုထားတဲ့ မှတ်ချက် နှစ်ရာကျော်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစာမျက်နှာတွေကို ဖေ့ဘွတ်စ်က ဖြုတ်ချခဲ့ပြီး ဖေ့ဘွတ်စ်ပြောရေးဆိုရှိသူကလည်း သူတို့အနေနဲ့ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်း၊ ကုလသမဂ္ဂဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့ (IIMM) နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ၂ဝ၂ဝ ခုနှစ် ဩဂုတ်လက ပြောထားပါတယ်။

IIMM ဟာ နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရားရုံးတွေမှာ စုံစမ်းစစ်ဆေးဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ သက်ဆိုင်တဲ့ အမှုတွေအတွက် အထောက်အထားတွေနဲ့ စိစစ်သုံးသပ်ချက်တွေကို မျှဝေနေတာ ဖြစ်ပါတယ်။

ဒီလိုလေ့လာဆန်းစစ်ရာမှာ မတ်လ ၂၇ ရက်နေ့က အမုန်းစကားဆိုင်ရာအစီရင်ခံစာနဲ့ လိင်နဲ့ဂျင်ဒါ အခြေပြုရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရာအစီရင်ခံစာတွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လိင်နဲ့ဂျင်ဒါအခြေပြုရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဆိုင်ရာအစီရင်ခံစာမှာတော့ ရိုဟင်ဂျာတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာဥပဒေအရ မြန်မာအာဏာပိုင်တွေဟာ ကျူးလွန်မှုတွေကို အရေးယူရမယ့် တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။ ဒီအစီရင်ခံစာနှစ်စောင်နဲ့ပတ်သက်လို့ အမြင်သဘောထားရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။