နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC မြန်မာနိုင်ငံ က အကျဉ်းထောင်တွေကို လာကြည့်မည်

မြန်မာနိုင်ငံကို ၇ နှစ်ကြာ မလာရောက်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် နိုင်ငံတကာကြက်ခြေနီ အဖွဲ့ ICRC ဟာ မြန်မာနိုင်ငံ က အကျဉ်းထောင်တွေရဲ့ အခြေအနေကို မကြာခင် ပြန်လည်လာရောက် ကြည့်ရှုဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

2012.12.12

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို မလာရောက်ခင်မှာ ဦးသိန်းစိန်အစိုးရက ICRC ကို မြန်မာနိုင်ငံ အကျဉ်းထောင်တွေဆီ လာရောက်ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့်ရက် အတိအကျကို မပြောနိုင်သေးကြောင်း၊ ဖြစ်နိုင်သမျှ မြန်မြန်သွားမှာဖြစ်ကြောင်း အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ICRC အကြီးအကဲ Alain Aeschimann က ပြောပါတယ်။

ဦးဆုံးပထမ ရှေ့ပြေး အလည်အပတ်အစီအစဉ်နဲ့ စတင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ မိမိတို့ သဘောတူညီ ထားပါတယ်၊ အဲဒီအစီအစဉ်မှာ နိုင်ငံတကာမှာ မိမိတို့ ကျင့်သုံးနေတဲ့နည်းလမ်းတွေ၊ ဆောင်ရွက်ပုံတွေအတိုင်း အကျဉ်းထောင်တွေကို ကြည့်ရှုစစ်ဆေးသွားမှာဖြစ်ပါတယ်၊ ရှေ့ပြေးအစီအစဉ်ပြီးတဲ့အခါ ကျန်နေသေးတဲ့ အကျဉ်းထောင်တွေအတွက် တိုးချဲ့ဆောင်ရွက်ဖို့ စီစဉ်မှာဖြစ်ပါတယ် လို့ Alain က ပြောပါတယ်။

ဒါ့ပြင် လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ကူညီခွင့်ရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုပါတယ်။

ICRC ဟာ ၂ဝဝ၅ ခုနှစ် ကစပြီး မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို သွားရောက်ကြည့်ရှုတာတွေ ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီတုန်းက စစ်အစိုးရက ICRC အနေနဲ့ အကျဉ်းထောင်တွေကို ဝင်ရောက်တဲ့အခါ အစိုးရကိုယ်စားလှယ် အဖွဲ့အစည်းတွေနဲ့အတူ ဝင်ရောက်ရမယ်လို့ ကန့်သတ်လိုက်တဲ့အတွက် ICRC  က မြန်မာပြည်က လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။