မြန်မာ အွန်လိုင်းငွေလိမ်ဂိုဏ်းက ရုရှားနိုင်ငံသား တစ်ဦး အပါအဝင် ၃၉ ဦး ထွက်ပြေးလွတ်မြောက်
2024.11.25

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်ဂိုဏ်း) တစ်ခုမှာ အဓမ္မအလုပ်စေခိုင်းခံရတဲ့ ရုရှားနိုင်ငံသား တစ်ဦး အပါအဝင် နိုင်ငံခြားသား ၃၉ ဦး ထိုင်းနိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထိုင်းသတင်း The Khaoso English က နိုဝင်ဘာ ၂၅ ရက် ဒီနေ့ ဖော်ပြပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေအထဲ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ငါးဦး၊ မလေးရှားနိုင်ငံသား တစ်ဦးနဲ့ ရုရှားနိုင်ငံသား တစ်ဦးတို့ ပါဝင်တယ်လို့ဆိုပါတယ်။
အဲဒီ နိုင်ငံခြားသားတွေဟာ ရှမ်းပြည်နယ်ကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲကို ထွက်ပြေးခဲ့တာလို့ဆိုပေမဲ့ ဘယ်အချိန်က ထွက်ပြေးလွတ်မြောက်ခဲ့လည်းဆိုတာ ဖော်ပြထားတာ မရှိပါဘူး။
သီရိလင်္ကာနိုင်ငံသားတွေ ထွက်ပြေးလွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ဘန်ကောက်အခြေစိုက် သိရီလင်္ကာသံရုံးက ထိုင်းအာဏာပိုင်တွေကို ကြိုတင်ဆက်သွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံသား အိုင်တီပညာရှင်တွေကို ယူအေအီးနိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆီ လူကုန်ကူးမှုများပြားလာတဲ့အကြောင်း သီရိလင်္ကာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက အခုလဆန်းပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ နိုင်ငံတစ်ဝန်း တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား ငါးသောင်းကျော် (၅၄,၄၃၃ ဦး) ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ပြောထားပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို တရားမဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ ပိုများလာပြီး လာရောက်သူအများစုဟာ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို အုပ်စုဖွဲ့လုပ်နေကြတယ်လို့ ကျားဖြန့်လုပ်ငန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။