လူကုန်ကူးမှုတိုက်ဖျက်ရေး မြန်မာနိုင်ငံ အနိမ့်ဆုံးဖြစ်နေဆဲ


2019.06.20
trafficking-report-622.jpg အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့၂ဝ၁၉ ခုနှစ်အတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာ။
Photo: US Department of State

ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂ဝ၁၉ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံး အဆင့် ၃ အဖြစ် ဆက်လက် သတ်မှတ်ထားပါတယ်။ မြန်မာအစိုးရဟာ လူကုန်ကူးမှု ပပျောက်ရေးအတွက် အနည်းဆုံး စံသတ်မှတ်ချက်တွေကို လုပ်ဆောင်ခြင်းနဲ့ အားထုတ်ကြိုးပမ်းခြင်း မရှိတဲ့အတွက် အခုလို အနည်းဆုံးအဆင့်မှာ ဆက်လက်ထားရှိခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ လူမှောင်ခိုကူးသူတွေကို ဖမ်းဆီးအပြစ်ပေးတာမျိုးတွေ ရှိပေမယ့် အစိုးရအရာရှိတွေ ကိုယ်တိုင် လူမှောင်ခိုကူးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ရရှိခဲ့သလို ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူရာမှာ နှေးကွေးမှုတွေ၊ အကျဉ်းသားတွေကို ဥပဒေမဲ့ ခိုင်းစေခြင်းတွေလည်း ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အစိုးရတပ်ဖွဲ့တွေရဲ့ တပြည်လုံးအနှံ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာနဲ့ တခြားတိုင်းရင်းသားမျိုးနွယ်စုဝင် ထောင်ပေါင်းများစွာ သူတို့မူလနေရပ်ကထွက်ပြေးနေရဆဲ ဖြစ်တယ်။ အဲဒီလို နေရပ်စွန့်ခွာ နေထိုင်ရသူတွေဟာ လူမှောင်ခိုကူးမှုတွေနဲ့ ကြုံတွေ့ခံစားကြရတယ်။ တပ်မတော်က ကလေးစစ်သားပပျောက်ရေး ဆောင်ရွက်နေတာမှန်ပေမယ့် တပြိုင်နက်မှာ ကလေးစစ်သားသစ် စုဆောင်း အသုံးပြုမှုတွေ ရှိနေဆဲ ဖြစ်သလို ကလေးစစ်သားဟောင်းတွေကို တပ်ပြေးအဖြစ် အရေးယူ ဖမ်းဆီးမှုတွေ၊ ပြည်သူလူထုကို အဓမ္မခိုင်းစေမှုတွေလည်း ရှိနေဆဲပဲလို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ မြန်မာအစိုးရကို အကြံပေးချက်တွေအဖြစ် ကလေးစစ်သားစုဆောင်း အသုံးပြုမှုကို လုံးဝရပ်ဆိုင်းဖို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း အလားတူ လုပ်ဆောင်ရန် ကြိုးပမ်းတိုက်တွန်းဖို့၊ လူမှောင်ခိုကူးမှုဒဏ် မခံရအောင် သက်သေခံ အထောက်အထား လက်မှတ်မရှိဘဲ နိုင်ငံမဲ့ဖြစ်နေသူတွေကို လိုအပ်သလို အသိအမှတ်ပြုဖို့၊ နေရပ်က ထွက်ပြေးနေရသူတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးဖို့၊ အကျဉ်းသားတွေ အပါအဝင် လူထုကို အဓမ္မခိုင်းစေမှုတွေ ရပ်စဲဖို့၊ ကလေးစစ်သား စုဆောင်းအသုံးပြုသူတွေ၊ လူကုန်ကူးမှုနဲ့ ပတ်သက်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့၊ ရဲတပ်ဖွဲ့နဲ့ တရားစီရင်ရေး အဖွဲ့အစည်း တွေကို အင်အားခိုင်မာအောင် တိုးချဲ့ဖို့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းထောက်လှမ်းမှုတွေ၊ အရေးယူအပစ်ပေးမှုတွေကို အလွယ်တကူ ခြေရာခံသိရှိနိုင်အောင် ခေတ်မီစွာ မှတ်တမ်းတင်တဲ့စနစ် ထူထောင်ဖို့ စသဖြင့် ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်ပြည်ကို မြန်မာမိန်းကလေးတွေ ဇနီးမယားအဖြစ် ရောင်းချခံရမှုနဲ့ ပတ်သက်ပြီး လူ ၃၅ဝ နီးပါးကို အစိုးရက ဖမ်းဆီးစွဲချက်တင်နိုင်ခဲ့ပေမယ့် ၂ဝ၁၇ ခုနှစ်တုန်းကဆိုရင် ၅၃၂ ဦးအထိ စွဲချက်တင်နိုင်ခဲ့ပါတယ်။ နောက်ပြီး အခုလို ရုံတင်စစ်ဆေးသူတွေထဲက ဦးရေမည်မျှကို အပြစ်ပေးနိုင်ခဲ့သလဲ။ ဘယ်လို ပြစ်ဒဏ်တွေပေးခဲ့သလဲဆိုတာကိုလည်း အစိုးရက ထုတ်ပြန်ခဲ့ခြင်း မရှိဖူးလို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ လူကုန်ကူးမှု လေ့လာစောင့်ကြည့်ဖို့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေကို လွတ်လပ်စွာသွားလာခွင့်လည်း မရရှိခဲ့ဘူးလို့ မနေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့အတူ လူကုန်ကူးမှုတိုက်ဖျက်ရေး အဆိုးဝါးဆုံး အဆင့် ၃ မှာ ဆက်လက်ရှိနေတဲ့ တခြားနိုင်ငံတွေကတော့ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ကျူဘားနဲ့ ဗင်နီဇွဲလား နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီလို အဆင့် ၃ မှာ ရှိတဲ့ နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ပံ့ကူညီမှုတွေ ကန့်သတ်လျှော့ချနိုင်သလို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့လို ဖွံ့ဖြိုးရေး အကူအညီပေးတဲ့ ကမ္ဘာတဝန်းက အဖွဲ့အစည်းတွေမှာ ထောက်ခံမှုကို ရုပ်သိမ်းပိတ်ပင်မှုမျိုးတွေ ဆောင်ရွက်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။