လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ရန်ကုန်မြို့မှာ စတင်ပြသ
2014.06.15

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ကိုမင်းကိုနိုင်တို့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုတွေ ပါဝင်တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့က Junction Square နဲ့ ဝဇီယာ ရုပ်ရှင်ရုံတွေမှာ ဒီနေ့ စတင်ပြသပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို စတင်မိတ်ဆက်ပေး ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ရုပ်ရှင်ဇာတ်လမ်းတိုတွေကို ပြသတာဖြစ် တယ်လို့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင် အဖွဲ့က ဒါရိုက်တာ မမွန်မြတ်က ပြောပါတယ်။
"ကျမတို့ ရုပ်ရှင်ကြည့် ပရိသတ်တွေကို လူ့အခွင့်အရေး မှတ်တမ်းရုပ်ရှင်ကားတွေနဲ့ မိတ်ဆက်ပေးတာဖြစ်ပါတယ်၊ ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရုပ်ရှင်ပရိသတ်တွေ ကျယ်ကျယ်ပြန်ပြန့် ဆွေးနွေးနိုင်အောင် ရည်ရွယ်ချက်ပါပဲ၊ အထူးသဖြင့် ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ဖြစ်တဲ့အတွက် မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ စတင်မိတ်ဆက်ပေးခဲ့ တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ကိုဂုဏ်ပြုတာပါ"
အဲဒီ ဇာတ်ကားတွေကို ဇွန်လ ၁၅ ရက်နေ့ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်နေ့အထိ ရန် ကုန်မြို့ ကမာရွတ်မြို့နယ် Junction Square နဲ့ ကျောက်တံတားမြို့နယ် ဝဇီယာ ရုပ်ရှင်ရုံတွေမှာ ၄ ရက်ကြာ မနက် ၁၀နာရီကနေ ညနေ ၆ နာရီအထိ ပြသသွားမှာဖြစ်ပါတယ်။
အဲဒီရုပ်ရှင်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေအပြင် အာရှနဲ့ဥရောပနိုင်ငံပေါင်း ၂၄ နိုင်ငံ က ရုပ်ရှင်ကားတွေပါဝင်တယ်လို့ သိရပါတယ်။
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ကားတွေ ပြသနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် ဗြိတိသျှသံရုံ၊ USAID အမေရိကန် အကူအညီပေးရေးအဖွဲ့ မြန်မာ-ထိုင်းရုပ်ရှင်အဖွဲ့၊ ဆွီဒင်နိုင်ငံနဲ့ ကနေဒါနိုင်ငံတွေကပါ ပူပေါင်းပါဝင် အကူအညီပေးခဲ့ကြပါတယ်။