တောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပဖို့ ဖိအားပေးငွေကောက်ခံနေ
2024.10.21

မကြာခင်ကျရောက်တော့မယ့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လုပ်ငန်းရှင်တွေနဲ့ လူထုကို ဖိအားပေးငွေကြေးကောက်ခံနေတယ်လို့ တောင်ကြီးဒေသခံ အမျိုးသားတစ်ယောက်က RFA ကို ပြောပါတယ်။
စစ်ကောင်စီဘက်က ပြည်သူတွေ လွတ်လပ်ပျော်ရွှင်နေတယ်ဆိုတာ ပြချင်ရုံသက်သက်အတွက် ကျင်းပဖို့ စီစဉ်နေတာလို့လည်း ဆိုပါတယ်။
“တိုင်းပြည်ကို (စကစ)အနေနဲ့ တည်ငြိမ်အောင်ထိန်းနိုင်တယ် ပြည်သူတွေကလည်း လွတ်လပ်ပျော်ရွှင်နေတယ်ဆိုတာကို ပြချင်ရုံသက်သက်ပါပဲ။ လက်တွေ့မြေပြင်အနေအထားမှာကတော့ လုပ်ငန်းရှင်တွေ ပြည်သူလူထုတွေကို ဖိအားပေး အတင်းအကျပ်ငွေကြေးကောက်ခံပြီး ပွဲမဖြစ် ဖြစ်အောင် တရွတ်တိုက်လုပ်ခိုင်းတာပါပဲ”
တောင်ကြီး အဝေရာ မီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တန်ဆောင်တိုင်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ကျင်းပမှာပါ။
ရှမ်းပြည်နယ်မှာ စစ်ဘေး၊ ရေဘေးကြုံနေရတဲ့ ဒေသတွေဖြစ်ပေမဲ့ တောင်ကြီးမြို့ကတော့ ငြိမ်းချမ်းတဲ့အတွက် ငြိမ်းချမ်းတဲ့အတိုင်း လုပ်ဆောင်တာလို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း တာဝန်ရှိသူက RFA ကိုပြောပါတယ်။
“တခြားနေရာမှာ မငြိမ်းချမ်းတော့လည်း တောင်ကြီးမြို့မှာ ငြိမ်းချမ်းနေတဲ့အတွက် ငြိမ်းချမ်းတဲ့နေရာတော့ ငြိမ်းချမ်းတဲ့အတိုင်း လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ အကုန်လုံးအခက်အခဲဖြစ်နေပေမယ့်လည်း ရိုးရာမပျက် ကျင်းပရတဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်ပြီးတော့မှ အင်းလေးမှာ ရေနစ်တဲ့အပိုင်းမှာ ဆုံးရှုံးတာတွေ များသလို ဒီလိုပွဲတော် ကျင်းပရခြင်းအားဖြင့် ရေကျပြီးနောက်ပိုင်းမှာ ဘုရားဖူးဖို့ လာမဲ့ဧည့်သည်တွေ နိုင်ငံခြားက လာမဲ့ဧည့်သည်တွေ ဒေသခံတွေ အကုန်လုံး စီးပွားဖြစ် ကိုယ်ကျိုးအလုပ်ပြန်ဖြစ်အောင် ဒီပွဲတော်ကို ပြန်ကျင်းပရတဲ့သဘောပေါ့”
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ဒုတိယအကြိမ်မြောက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပြန်လည်ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ မီးပုံးပျံအလုံး ၁၂ဝ ပဲ လွှတ်တင်နိုင်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၊ ၂၀၁၉ ခုနှစ်က တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ အလုံးရေ လေးရာနီးပါး လွှတ်တင်နိုင်ခဲ့ပါတယ်။