မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်သူ ဖမ်းဆီးခံထားရ
2024.10.30

မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေးသားခဲ့တဲ့ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်မှာ နေထိုင်တဲ့ "Her Sal Yon (Ko King)" ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို လှိုင်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်အရေးယူထားတယ်လို့ အောက်တိုဘာလ ၃၀ ရက်နေ့ ညမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်တာပါ။
အောက်တိုဘာလ ၂၄ ရက်နေ့မှာ "Her Sal Yon (Ko King)" ဖေ့ဘွတ်စ်စာမျက်နှာကတဆင့် "ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်ဟာ ဟိန္ဒူရိုးရာယဥ်ကျေးမှုကို လှောင်ပြောင်ရာရောက်တယ်ဆိုပြီး ဝေဖန်ခဲ့တာပါ။ အဲဒီနောက် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေကစပြီး အဆက်အသွယ်ပြတ်သွားတာကြောင့် မိသားစုက သူ့ကို လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။
မိသားစုဝင်တွေက ကိုဟာဆယ်ရွန် အဖမ်းခံရတာကို မသိသေးဘဲ လှိုင်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းတွေမှာ လူပျောက်တိုင်ကြားထားတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဘာမှကို မသိရတာပါ၊ ရဲတွေနဲ့လူရှာတယ်။ စခန်းတွေ ရှာတယ် ဆေးရုံတွေရှာတယ် လူရော သတင်းရော မရသေးတာပါ။ မတရားခံရတာလို့ဘဲ ပြောချင်ပါတယ်။ ဒီနိုင်ငံမှာ လူတိုင်းနီးပါး အာဏာရှင်ကိုမကြိုက်ကြတာပါ လော်ဘီတွေနဲ့ဘက်တော်သားတွေသာ ကြိုက်ကြတာပါ”
ကိုဟာဆယ်ရွန်ဟာ မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းမှာ အသံအလှူအတွက် စာအုပ်ဖတ်ဖို့ အောက်တိုဘာလ ၂၆ ရက်နေ့က အိမ်ကနေ ထွက်သွားပြီးနောက် မိသားစုနဲ့အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတာပါ။
"ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်ဇာတ်ကားက ဟိန္ဒူရိုးရာယဉ်ကျေးမှုကိုထိခိုက်စေတယ်ဆိုတဲ့ ကိုရှိုင်းထက်အောင်ရဲ့ ဝေဖန်ချက်ဟာ အွန်လိုင်းအသုံးပြုသူတွေကြားမှာ အတော်လေး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးအရေးယူထားတဲ့အကြောင်းရင်း အသေးစိတ်ကို မဖော်ပြထားပါဘူး။