မြန်မာမှာ လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို နေရပ်ပြန်ပို့
2023.08.15

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို ရန်ကုန်မြို့ကနေ အင်ဒိုနီးရှားနိုင်ငံကို ဩဂုတ် ၁၄ ရက်နေ့က ပြန်ခေါ်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ၁၄ ဦးပါဝင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနရဲ့ ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ကလည်း မြန်မာပြည်မှာ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးကို ပထမဆုံးအကြိမ် နေရပ်ပြန်ပို့နိုင်ခဲ့ပြီး ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
အဲဒီအင်ဒိုနီးရှားနိုင်ငံသားတွေဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ကနေ ဒီဇင်ဘာ ၃ ရက်နေ့အတွင်း ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ရောက်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ခဲ့ရသူတွေပါ။ သူတို့ကို မြဝတီရဲစခန်းကနေ ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံးကို အရင်ပြန်ခေါ်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်မဲ့ နိုင်ငံသားတွေကို လူကုန်ကူးမခံရအောင် သတိထားကြဖို့ အင်ဒိုနီးရှားအစိုးရက သတိပေးထားပါတယ်။