ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲတွေ ကျင်းပမယ်လို့ ဦးထင်လင်းဦး ပြော


2017.10.25
dassk-support-thanbyuzayat-622.jpg စာရေးဆရာ ဦးထင်လင်းဦး မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲမှာ ဟောပြောနေစဉ်
Photo: Kyaw Lwin Oo/ RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲတွေကို ၂၀၁၈ ခုနှစ်မှာ ပြုလုပ်သွားမယ်လို့ စာရေးဆရာ ဦးထင်လင်းဦးက ပြောပါတယ်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကြာကန်ဘောလုံးကွင်းမှာ မနေ့က ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဟောပြောပွဲမှာ စာရေးဆရာ ဦးထင်လင်းဦး က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့နိုင်ငံရဲ့အစိုးရ စီမံခန့်ခွဲမှုအာဏာ အပြည့်အဝမရတာ ဘာ့ကြောင့်လဲလို့မေးရင် စာအုပ်အစိမ်း ကြီးကြောင့် မဟုတ်ဘူးလား၊ အမေစု နိုင်ငံတော်အစိုးရ လုပ်ပိုင်ခွင့်တွေတိုးမြှင့်အောင် ကျနော်တို့က ဘာကူညီ ရမလဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကျနော်တို့ကူညီရမယ်၊ အဲဒါမျက်ခြေပြတ်လို့ မဖြစ်ပါဘူး၊ ဒီကနေ့ အမေစု ထောက်ခံပွဲတွေမှသည် လာမယ့် ၂ဝ၁၈၊ ၂ဝ၁၉ ကာလတွေမှာ လူထုထောက်ခံပွဲတွေ ကျနော် တို့ ဆင်နွှဲရလိမ့်မယ်၊ အဲဒါဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ပိုင်ခွင့်အပြည့်အဝ ရစေဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ဖြစ်ပါတယ်"

ပြီးခဲ့တဲ့ လပိုင်းကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်ပြောဆိုနေပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း တစ်နိုင်ငံလုံး မှာ ပွဲတွေကျင်းပနေတာဖြစ်ပါတယ်။

NLD အစိုးရတက်လာပြီးနောက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲတွေ ကျင်းပမယ် လို့ အခုလိုပြောတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဟောပြောပွဲတွေပြုလုပ်တာ၊ လက်မှတ်ကောက်ခံတာ တွေ ပြုလုပ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ကောက်ခံရာမှာ လက်မှတ်ပေါင်း ၅သန်းကျော်ရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ခဲ့သလို ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိကဝတ်တွေပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။