ပေါက်မြို့နယ် ထန်းတောဦးရွာသား သုံးယောက် မီးရှို့အသတ်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထန်းတောဦးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နောက် မီးလောင်ကျွမ်းနေတဲ့ ရွာသား သုံးယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာထဲမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရဲ့ ပြောကြားချက်အရ ဇန်နဝါရီ ၂၂ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ရွာထဲကို စစ်သားအင်အား ၃၀၀ ဝန်းကျင်ရောက်လာပြီး သူတို့ ပြန်ထွက်သွားချိန် အဲဒီရုပ်အလောင်း တွေကို တွေ့ရတာလို့ RFA ကို ပြောပါတယ်။
"တိုက်ပွဲမဖြစ်ဘဲနဲ့ အဲဒီနေ့က အင်အားအလုံးအရင်းနဲ့ ဝင်လာတာဗျ။ သူတို့ (စစ်တပ်) က ဇန်နဝါရီ ၁၉ ရက်လောက်ကတည်းက ဒီဘက်ကို ဝင်လာတော့ ပြည်သူတွေက ရှောင်ကြတာပေါ့နော်။ သူတို့ ပြန်သွားပြီဆိုပြီး အဲဒီရွာသားတွေက ရွာထဲပြန်ဝင်တဲ့ အချိန်ကျမှ ဒီကောင်တွေက တွေ့ပြီးလုပ်သွားတာ။ မီးရှို့အသတ်ခံရသူတွေက ပြည်သူတွေပဲ"
သေဆုံးခဲ့သူတွေဟာ ထန်းတောဦးရွာသားတွေဖြစ်ကြပြီး အသက် ၂၇ နှစ်အရွယ် ကိုရွှေပို၊ အသက် ၂၅ နှစ်အရွယ် ကိုဝင်းလှိုင်နဲ့ ကိုအောင်ကိုလင်း တို့ဖြစ်ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတဲ့အတွက် စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစား နေပါတယ်။
ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်း သုံးကြောင်းခွဲပြီး ထိုးစစ်ဆင်နေရာ ထန်းတောဦးရွာ အပါအဝင် မြောင်ဝင်း (မြောက်စုနဲ့ တောင်စု)၊ ရွာသာအေး၊ ဝက်မြှီး၊ အင်းတော၊ တုတ်စိ၊ နံ့သာ၊ ဝါးရုံပိုင်၊ ကျွန်းကြီး၊ ရေကျော် စတဲ့ ရွာပေါင်း ၁၀ ရွာကိုလည်း ဝင်ရောက်ခဲ့ကြတယ်လို့ ပြောပြပါတယ်။
အိမ်ခြေတစ်သောင်းနီးပါးရှိတဲ့ အဲဒီရွာပေါင်း ၁၀ ရွာက ဒေသခံတွေဟာလည်း နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ် ၂၆ နဲ့ ၂၇ ရက်တုန်းကလည်း ပေါက်မြို့နယ်၊ ကင်းမရွာက ရွာသား သုံးယောက်နဲ့ ဒိန်းကွင်းရွာက ရွာသား သုံးယောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်တာခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။