ဆီဆိုင်မြို့မှာ တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရ
2024.05.31

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ရွာအနီးမှာ မေလ ၃၀ ရက်နေ့ကနေ ဒီမနက်အထိ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံ တစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။
PNLA ရဲ့ မနေ့က ထုတ်ပြန်ချက်မှတော့ လွယ်မောတောင်ဒေသ ပင်မူးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်က မေလ ၂၉ ရက်နေ့ညနေပိုင်းကတည်းက ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် နေအိမ်တချို့ပျက်စီးတယ်လို့ ဖော်ပြထားပါတယ်။
ဒီနေ့မနက်ထိ တိုက်ပွဲတွေဆက်ရှိနေတာကြောင့်လည်း တောတောင်တွေထဲကို ထပ်မံထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက ဒီမနက်အထိ ဖြစ်နေတယ်ဗျ။ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။ ဒေသခံတွေက အရင်တိုက်ပွဲဖြစ်တုန်းက ပြေးခဲ့ရတဲ့ တောထဲကို ပြန်ပြေးနေရတယ်။ ဘန်းယဉ်ရွာဘက်ကို ပြေးကြတာလည်းရှိတယ်”
လက်ရှိမှာ ထမ်းယံတိုင်၊ ပန်ရန်းနဲ့ အနီးအနားရွာတွေက ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရတာလို့ သူက ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးနဲ့ ညောင်ရွှေမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေတာ လေးလေကျော်အထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကာလအတွင်း အရပ်သား ၇၅ ဦး သေဆုံးပြီး လူတစ်ရာနီးပါး (၉၉ဦး) ထိခိုက်ဒဏ်ရာရခဲ့သလို လူဦးရေ ခြောက်သောင်းကျော်ကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပအိုးဝ်လူငယ်အစည်းအရုံး (PYO) က မေလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။