ဆီဆိုင်မြို့ တိုက်ပွဲကြောင့် ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.04.29
ဆီဆိုင်မြို့ တိုက်ပွဲကြောင့် ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးနေရသူများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ရင်းဒုံ၊ နောင်ရွေးနဲ့ ကန်တော်လေးကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲဆက်ဖြစ်နေတာကြောင့် ဒေသခံ သုံးထောင်ကျော် နီးစပ်ရာ မြို့တွေနဲ့ ကျေးရွာတွေကို ထွက်ပြေးနေရတယ်လို့ ဆီဆိုင်မြို့ခံက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒေသခံအချို့ဟာ ဆီဆိုင်မြို့နဲ့ ၁၂ မိုင်လောက်ဝေးတဲ့ ဆိုက်ခေါင်ကျေးရွာကို အလုံးအရင်း ထွက်ပြေးလာတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“နောင်ရင်းဒုံဆိုတာ ရွာကြီးပဲ။ အဲဒီရွာတောင် ရွာလုံးကျွတ် ပြေးနေရတာ။ ဘေးနားက နှစ်ရွာလည်း ပြေးနေရတယ်။ အခု ဆိုက်ခေါင်မှာတင် ထွက်ပြေးလာတဲ့သူက တစ်ထောင်ကျော်ပြီ။ တခြားနေရာတွေကိုလည်း ပြေးတဲ့သူတွေ ရှိတယ်။ အခုပြေးနေရတဲ့သူက သုံးထောင်ကျော်ရှိပြီ။ ဒါအနည်းဆုံးပဲ ဒီထက်လည်း ပိုနိုင်တယ်”

တချို့ဒေသခံတွေကတော့ တောင်ကြီး၊ ညောင်ရွှေနဲ့ ဟိုပုံးမြို့နယ်တွေဘက်ကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဆိုက်ခေါင်မြို့ကို ထွက်ပြေးလာသူတွေကိုတော့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နေအိမ်တွေမှာ အကူအညီပေးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

(PNLA) ကတော့ ဧပြီလ ၂၇ ရက်နေ့က ဆီဆိုင်မြို့နယ်ထဲက နေရာသုံးခုမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

(PNLA) ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တွေမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ (PNLA) တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ သုံးလကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပအိုဝ်း လူငယ်အစည်းအရုံး (PYO) ရဲ့ ဧပြီလ ၂၉ ရက်နေ့ မနေ့ကထုတ်ပြန်ချက်အရ တိုက်ပွဲကြောင့် အရပ်သား ၆၆ ဦး သေဆုံးခဲ့ပြီး ၈၃ ဦး ဒဏ်ရာရခဲ့သလို ဘေးလွတ်ရာ ထွက်ပြေးနေရသူ ခုနစ်သောင်းကျော် ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။