ဆီဆိုင်မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ငါးဆယ်နီးပါး သေဆုံးကြောင်း PNLA ထုတ်ပြန်
2024.08.24

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၄၈ ဦး သေဆုံးပြီး ရုပ်အလောင်း ၃၁ လောင်းတွေ့ရှိထားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သြဂုတ် ၂၄ ရက်က ထုတ်ပြန်ပါတယ်။
ဆီဆိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေနဲ့ PNLA တို့ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်အထိ ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက် ၁၅ လက်၊ ဒရုန်း နှစ်စင်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဩဂုတ်လအတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတွေ၊ ပေါင် ၃၀၀ ဗုံးတွေသုံးပြီး ပအိုဝ်းကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း PNLA က ဆိုပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ သြဂုတ်လအတွင်း အကြိမ်ကြိမ် လုပ်ခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ လေးဦးရှိခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲထဲက အသက် သုံးနှစ်အရွယ် ကလေးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့နယ် ကျေးရွာတွေက ဒေသခံတွေ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက စားသောက်ကုန်၊ လူသုံးကုန်နဲ့ လယ်ယာသုံးပစ္စည်း သယ်ယူခွင့် ပိတ်ထားတာကြောင့် စားနပ်ရိက္ခာနဲ့ အမိုးအကာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ် လို့လည်း PNLA က ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။