တိုက်ပွဲတွေကြောင့် ပင်လောင်း ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
2024.10.18

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အောက်တိုဘာလ ၁၈ ရက် ဒီနေ့အထိ ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလဆန်းပိုင်းကစလို့ နောင်၀ိုး၊ ပင်စုံ၊ နန်းဖာ၊ နောင်ပီနဲ့ တပ်ဦးမုတ် စတဲ့ ရွာပေါင်း ၁၃ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေတစ်ဦးက RFA ကို ပြောပါတယ်။
“အကုန်လုံးက ထွက်ပြေးနေရတယ်လေ။ ဒီလအစကတည်းက တိုက်ပွဲက ခပ်စိပ်စိပ်ဖြစ်လာတော့ ခဏဆိုပြီး ရှောင်နေရတာ။ အခု ဆယ်ရက်ကျော်သွားပြီ။ စစ်ကောင်စီဘက်က နေ့တိုင်း လက်နက်ကြီးတွေ ပစ်နေတော့ ဘယ်သူမှ မနေရဲကြတော့ဘူး”
ဒေသခံအများစုဟာ ပင်လောင်းမြို့ပေါ်နဲ့ တောတောင်တွေမှာ ခိုလှုံနေရတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပင်လောင်းမြို့နယ်ထဲမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အကူအညီတွေမရဘဲ စားဝတ်နေရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပက်သက်လို့ အတိအကျသိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်းက စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းခန့် ရှိလာပါပြီ။