လူ့အခွင့်အရေးကော် မရှင် မောင်တောမှာ စုံစမ်းစစ်ဆေးရေးစတင်


2014.01.31

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာရဲ့ ဖြစ်စဉ်အမှန်ကိုသိရှိနိုင်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ကစတင်ပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့အထိ ၄ ရက်ကြာ စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က RFA ကို အခုလို ပြောပါတယ်။

"ဇန်နဝါရီလ ၁၃ ရက်နေ့က ဖြစ်တဲ့ဖြစ်စဉ်မှာ issue တွေရှိတယ်လေ။ အဲဒီ issue တွေကို မှန်ကန်ခြင်းရှိမရှိ ကျနော်တို့ ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးတာပါ။ လောလောဆယ်တော့ အခုမှ စစ်တာရမှာပေါ့လေ၊ ကွင်းဆင်းတာဆိုတော့လေ။ ဒီနေ့ကနေ  ဇန်နဝါရီ ၃ ရက်နေ့ထိဆိုတော့ ၄ ရက်လောက်ကြာမှာပေါ့"

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ကျေးရွာသူ ကျေးရွာသား မွတ်စလင်လူဦးရေ ၄၀ လောက်သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုနေတဲ့အပေါ် မှန်ကန်မှုရှိ၊ မရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အစီရင်ခံတင်ပြနိုင်ဖို့ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရထံကိုတင်ပြပြီး သတင်းထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ မွတ်စလင်ကျေးရွာသားတွေ အသတ်ခံရတယ်ဆိုပြီး အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က စုံစမ်းစစ်ဆေးပေးဖို့လိုအပ်ကြောင်း တောင်းဆိုထားပါတယ်။ အစိုးရက အဲဒီကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေတာသာဖြစ်ကြောင်းနဲ့ နိုင်ငံတကာကပြောနေသလို အဖြစ်အပျက်မျိုးမရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးက သံအရာရှိတွေဟာ ရခိုင်ပြည်နယ် မောင်တောမြို့က ဒုချီးရားတန်းကျေးရွာခရီးစဉ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်အဖွဲ့ရဲ့ ဒုချီးရားတန်းဖြစ်စဉ် လေ့လာရေးခရီးစဉ်တွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။