ဖားကန့်မှာ မြေစာပုံထပ်မံပြိုကျတာကြောင့် သုံးဦးဒဏ်ရာရပြီး တစ်ဦးပျောက်ဆုံးနေ

RFA Burmese
2023.10.21
ဖားကန့်မှာ မြေစာပုံထပ်မံပြိုကျတာကြောင့် သုံးဦးဒဏ်ရာရပြီး တစ်ဦးပျောက်ဆုံးနေ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မြေပြိုကျပြီး ပျောက်ဆုံးနေသူများအား ရှာဖွေနေကြသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းအုပ်စု ဆန်ခါရွာက ကျောက်စိမ်းလုပ်ကွက်ဟောင်း တစ်ခုက မြေစာပုံ အောက်တိုဘာလ ၂၀ ရက် နေ့လယ် ၂ နာရီလောက်က ထပ်မံ ပြိုကျတာကြောင့် ရေမဆေးကျောက်ရှာသူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မြေပြိုကျမှုဖြစ်ခဲ့တဲ့ လုပ်ကွက်ဟောင်းနေရာရဲ့ မျက်နှာချင်းဆိုင်ဘက်မှာ မြေစာပုံထပ်မံ ပြိုကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူသုံးဦးကို ဆေးကုပေးထားပြီး ပျောက်ဆုံးနေသူတစ်ဦး ကိုတော့ ရှာဖွေနေဆဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက RFA ကိုပြောပါတယ်။

"ခေါင်းကွဲသွားတာပေါ့။ ရေနဲ့ကျောက်နဲ့ရိုက်တာဆိုတော့ ခေါင်းတွေပေါက်ကုန်တာပေါ့။ ရေကန်ပတ်ချာလည်ကို တူးနေကြတော့ မြေပြိုပြီးတော့ တစ်ဘက်က တူးနေတဲ့ သူတွေကို ထိသွားတာ။ ကချင်လူငယ်လေးတွေပါပဲ။ ဒီဘက်ကမ်းကပြိုတော့ ဟိုဘက်ကမ်းကို ဘောင်ဘင်ခတ်ပြီး ရိုက်တာပေါ့။ ပြိုတာက တူးပြီးသား တွင်းဟောင်းတွေပဲ။ ပျောက်နေတဲ့ တစ်ယောက်က ရှာနေတုန်း"

အောက်တိုဘာလ ၁၈ ရက်ည ၉ နာရီဝန်းကျင်ကလည်း ဆန်ခါရွာက တောက်ပကြယ် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းနေရာမှာ မြေစာပုံပြိုကျတာကြောင့် ရေမဆေးသမား အသက် ၁၈ နှစ်အရွယ် ကိုအောင်ကျော်သန်း သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ဖားကန့်မှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း မြေပြိုမှု ဆယ်ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး သေဆုံးသူ ခြောက်ရာနီးပါး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။