ဖားကန့်မှာ ရေကြီးရေလျှံမှုကြောင့် လူနှစ်ထောင်ကျော် ရေဘေးသင့်
2024.07.02

ကချင်ပြည်နယ် ဖားကန့်မြို့မှာ မိုးများပြီး ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းကစလို့ ဥရုချောင်းရေ မြင့်တက်လာတဲ့အတွက် အနိမ့်ပိုင်းနေရာတွေ ရေဝင်နစ်မြုပ်နေပြီး လူ ၂၅၀၀ ခန့် ရေဘေးကြုံနေရတယ် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဒီနေ့မနက်မှာ ရေအနည်းအငယ်ပြန်ကျပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။
“မူလရေကြီးတာထက် တစ်ပေလောက်လျော့သွားပြီ။ အခုက ရေတန့်နေတယ်။ ဖားကန့်မြို့ပေါ် လေးရပ်ကွက်က အိမ်ခြေ ငါးရာလောက် ရေမြုပ်နေတယ်။ လတ်တလောတော့ ကယ်ဆယ်ရေးတွေတော့ လုပ်နေတာပေါ့။ လှေအင်အားနည်းတော့ တချို့သက်ကြီးရွယ်အိုတွေတော့ ဆွဲထုတ်ပြီးတော့ တချို့မိသားစုတွေကိုတော့ အခုလောလောဆယ် နဂိုနေရာမှာပဲ ထားတုန်းရှိသေးတယ်”
လက်ရှိ ရေဝင်နစ်မြုပ်နေတဲ့ ငှက်ပျောတော၊ မရှိကထောင်၊ အေးမြသာယာနဲ့ မြို့မ ရပ်ကွက်တွေမှာ နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပြီး ဒီနှစ်မှာတော့ ရုတ်တရက် ရေမြင့်တက်လာတာကြောင့် ပြောင်းရွှေ့ချိန်မရလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် မနေ့က ညနေပိုင်းကစလို့ ဖားကန့်မြို့ကို စက်သုံးဆီတင်ယာဉ်တွေ မဝင်တော့တဲ့အတွက် စက်သုံးဆီပြတ်လပ်မှုနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့က အခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဖားကန့်မြို့အပြင် ကချင်ပြည်နယ်က မြစ်ကြီးနား၊ ချီဖွေ၊ ၀ိုင်းမော်၊ တနိုင်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုကြောင့် လူတစ်သောင်းထက်မနည်း ရေဘေးကြုံနေရပါတယ်။