ဖားကန့်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ
2022.12.31

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါရွာက စိန်မိုက်ကယ် ကက်သလစ် ဘုရားကျောင်းထဲမှာရှိတဲ့ မူကြိုကျောင်းအနီးကို ဒီဇင်ဘာလ ၃၀ ရက် နေ့လယ် ၃ နာရီ ကျော်ခန့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် (၅၂) နှစ်အရွယ် ဒေသခံ ဦးကွန်ဂျာနော် သေဆုံးခဲ့ပြီး အသက် ငါးနှစ်အရွယ် မထွယ်ဆန်နဲ့ ၁၃ နှစ်အရွယ် မောင်မျိုးဂျတ်နော် အပါအဝင် မလှဟန်၊ မဂျီခေါန်၊ မဆိုင်းမိုင် နဲ့ ဒေါ်ဘောက်ဂျာတို့ကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဦးကွန်ဂျာနော်က ဖြစ်ပြီးပြီးချင်း နှစ်နာရီအကြာမှာ ဆုံးသွားတာပါ။ လက်နက်ကြီးက နှစ်လုံးကျတာ။ ဘုရားကျောင်းထဲကို တစ်လုံး၊ ဆန်ခါရွာထဲကို တစ်လုံးကျတာ။ ကလေးတွေက ဘုရားကျောင်းထဲမှာ ဆော့နေတုန်း ကျတာ တအားလန့်သွားတယ်။ ထိခိုက်ဒဏ်ရာဆို ပြင်းထန်တဲ့ သူတွေလည်းရှိတယ်"
အများစုဟာ ခြေထောက်၊ လက်နဲ့ ခေါင်းတွေမှာ ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက ဒဏ်ရာ ပြင်းထန်သူ နှစ်ဦးကိုတော့ ဒီဇင်ဘာလ ၃၁ ရက် ဒီနေ့နေ့လယ်မှာပဲ မြစ်ကြီးနားဆေးရုံကြီး ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်ဟာ ဆန်ခါရွာအနီးက မဇွပ်ယန်အချုပ်ထောင်ကို လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ် အနန့်ပါရွာမှာကျင်းပနေ တဲ့ KIO နှစ်ပတ်လည်ပွဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် KIO အမှုထမ်းတွေနဲ့ ဒေသခံတွေအပါအဝင် စုစုပေါင်း ၆၃ ဦး သေဆုံးခဲ့ပြီး ၆၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။