ဖားကန့် မြေစာပုံပြိုကျမှု ၁၇ လောင်း ပြန်တွေ့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မက်လင်ဂျောင်ရွာက YTT ကုန်း တစ်သုံးလုံး ကုမ္ပဏီ လုပ်ကွက်မှာ ဖေဖော်ဝါရီ ၂၈ နေ့ ညက မြေပြိုကျခဲ့တာကြောင့် လူ ၄၀ လောက် ပျောက်ဆုံးနေပြီး ဒီနေ့ထိ လူ ၁၇ ဦးရဲ့ အလောင်းကို တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရုပ်အလောင်းတွေကို သရဏဂုံတင်ခဲ့တဲ့ ဆရာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။
“မြေမြှုပ်သင်္ဂြိုဟ်တာ အားလုံးဆိုရင်တော့ ပထမနေ့ ၁၂ လောင်း၊ နောက်ထပ် နှစ် လောင်း၊ ခုနက သုံးလောင်း၊ ဦးပဥ္ဇင်းတို့က သရဏဂုံ သွားတင်ပေးတာပါပဲ။ ပျောက်တာ ကတော့ ၄၀ လောက်တော့ကြားတယ်။ ညဘက်ရှာ တယ်လို့ ကြားတယ်။ ၉ နာရီနဲ့ ၁၀ နာရီ ကြားလို့ ကြားတယ်။ ဦးပဥ္ဇင်းကလည်း မနက်လာပင့်တော့မှ သိတာ”
အဲဒီ အလုပ်သမားတွေဟာ အပြင်က ရေမဆေး ကျောက်ရှာတဲ့သူတွေမဟုတ်ဘဲ ကုမ္ပဏီက ခန့်ထားတဲ့ ကျောက်ရှာသူတွေ၊ ကြီးကြပ်သူတွေ၊ စက်မောင်းသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မြေပြိုရာမှာ ပါသွားသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက အလောင်းပြန်တွေ့တဲ့အထဲမှာ သူ့ရဲ့ ညီပါနေတယ်လို့ သတင်းကြားရပေမယ့် ကုမ္ပဏီက သတင်းအမှောင် ချထားတာကြောင့် အခြေအနေ အသေးစိတ်ကို စုံစမ်းနေတယ်လို့ RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးကို RFA က မနေ့ကရော ဒီနေ့မှာပါ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ တစ်သုံးလုံး ကုမ္ပဏီတာဝန်ရှိသူတွေကိုလည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် တာဝန်ခံ ဖြေဆိုပေးနိုင်မယ့်သူနဲ့ အဆက်အသွယ် မရသေးပါဘူး။
အဲဒီမြေစာပုံဟာ ပေ ၃၀၀ လောက်မြင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေပြိုမှုဖြစ်ဖြစ်ချင်းမှာ စစ်သားနဲ့ ရဲတွေ ကားခြောက်စီးနဲ့ ရောက်နေသလို မနေ့က မွန်းလွဲ ၂ နာရီ လောက်က စပြီး ပြင်ပလူတွေကို အသွားအလာနဲ့ ဓာတ်ပုံရိုက်ခွင့် ကန့်သတ်ထား တာကြောင့် ကုမ္ပဏီဝင်းထဲကို ဘယ်သူမှ ဝင်လို့ မရဘူးလို့လည်း ဒေသခံလူမှုကူညီရေး အသင်းတွေက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်လို့ ကူညီရှာဖွေပေးဖို့ သွားရောက်တဲ့ လူမှုကူညီရေး အဖွဲ့တွေကိုလည်း အခင်းဖြစ်နေရာကို ဝင်ခွင့်မပေးဘူးလို့လည်း ဆိုပါတယ်။
"အဲဒီကုမ္ပဏီကို ကျွန်တော်တို့ ကပ်လို့မရဘူး။ အကုန်မောင်းထုတ်တာလို့ ပြောတယ်။"
ကုမ္ပဏီက အပြင်ကလူတွေကို ဝင်ခွင့်မပေးဘဲ သူတို့ အစီအစဉ်နဲ့ပဲ ရှာဖွေပြီး သင်္ဂြိုဟ်နေတာ တွေ့ရတယ်လို့ ဖားကန့်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မနေ့ကတော့ သူတို့ဘာသာ သူတို့ရှာတာတဲ့။ အခုက မနေ့ညနဲ့ ဖြစ်တဲ့ညက တွေ့တဲ့ ဟာက အဲဒီထဲက လူတွေကတော့ တစ်ခါတည်း မက်လင်ဂျောင်မှာ ထားကြတယ် ပြောတယ်။ သူတို့မိသားစုတွေလည်း လာခဲ့တယ်တဲ့။ အဲဒီကုမ္ပဏီကို ကျွန်တော်တို့ ကပ်လို့မရဘူး။ ဘာကြောင့် ကပ်လို့မရတာလဲ ကျွန်တော်တို့လည်း မပြောတတ်ဘူး။ ဝင်လို့မရဘူးတဲ့။ အကုန်မောင်းထုတ်တာလို့ ပြောတယ်။ မိသားစုတွေအတွက်လည်း စိတ်ပူနေပြီး အတတ်နိုင်ဆုံး ရှာချင်တာပေါ့ဗျာနော်။ အခုက ရှာမှာလိုလို၊ မရှာဘူး လိုလိုနဲ့ ဘယ်လိုမှန်းကို မသိသေးတာပေါ့ဗျ”

မြေပြိုတဲ့ အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက အခု ပျောက်ဆုံးနေသူတွေကို ညဘက်မှာ ရှာပြီး သင်္ဂြိုဟ်နေကြတာ တွေ့ရတယ်လို့ ပြောပါတယ်။
“အလောင်းပိုင်ရှင်တွေက တစ်နေကုန်စောင့်နေတာ။ နေ့လယ်ကျ မဖော်ဘူး။ ည အရမ်းမိုးချုပ်မှ လာခဲ့တာ ညဖော်ပေးတာ။ အဲဒီ ကုမ္ပဏီက ကျင်းသားတွေပဲ ဖော်တာ။ နာရေးတွေကို ဘယ်သူ့မှ မဝင်ခိုင်းဘူး ပြောတာပဲ။ ဘယ်သူမှ မရှိဘူး။ ကုမ္ပဏီကလူတွေ ပြောတာက သေတဲ့သူ ၃၀ ကျော်၊ ၄၀ လို့ပြောတယ်။ မနေ့ညက ခြောက်လောင်းနဲ့ စစချင်း ဖြစ်တဲ့နေ့က ၁၁ လောင်းတဲ့။ အခုက မိသားစုဝင်တွေ မရှိဘူး။ အလောင်း ဖော်မယ်ဆိုလို့ နေ့လယ်ကနေ လာစောင့်နေတာ။ မနေ့ညကလည်း စောင့်တယ်။ အလောင်းလည်း မတွေ့ရဘူး။ ဒီတိုင်းပဲ ပြန်သွားတာကို မနက်မိုးလင်းမှ။ အလောင်း ဖော်တဲ့သူတွေ နေ့လယ်မလာဘူး။ ညမှာ ဖော်မှာတဲ့။ အလောင်းရှင် တွေက များတယ်။ ဘယ်နှယောက်လည်းတောင်မသိဘူး။ ထိုင်လိုက် ထလိုက် လုပ်နေကြတယ်”
ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက မြေပြိုမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလ ၂၃ ရက်နေ့ကလည်း ဝှေခါမှော်မှာ မြေပြိုကျလို့ ရေမဆေးသမား လူရာချီ သေဆုံးခဲ့ပါတယ်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကလည်း အခုမြေပြိုတဲ့ တစ်သုံးလုံး ကုမ္ပဏီရဲ့ မြေစာပုံ ပြိုကျပြီး လူ ၁၁၄ ဦး သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ကျောက်တူးဖော်မှုတွေကို ၂၀၁၉ ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ပိတ်ပင်ထားခဲ့တာပါ။ အခုအချိန်မှာ တရားဝင် ပြန်ဖွင့်တာ မရှိသေး ပေမယ့် စစ်အာဏာ သိမ်းပြီးနောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ လောက်ကစပြီး ကျောက် တူးဖော်တာတွေကို နေ့ရော ညပါ ကျယ်ကျယ်ပြန့်ပြန့် ပြန်ပြီး လုပ်ဆောင်လာကြတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။