ဘားအံ ထောင်ပိုင်နဲ့ ထောင်မှူး နှစ်ဦးကို တာဝန်ပြောင်းရွှေ့ထား
2018.10.04
ဘားအံအကျဉ်းထောင်က အကျဉ်းသားလေးဆယ်ကျော် ထွက်ပြေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ကာလမှာ ဘားအံ ထောင်ပိုင်နဲ့ ထောင်မှူး နှစ်ဦးကို တာဝန်ပြောင်းရွှေ့ထားတယ်လို့ ပြည်တွင်းမီဒီယာတချို့က ဒီနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ဘားအံအကျဉ်းထောင်ကနေ အကျဉ်းသား ၄၂ ဦး ထွက်ပြေးလွတ်မြောက် တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲကာလမှာပဲ ဘားအံအကျဉ်းထောင် ထောင်ပိုင်ကို အင်းစိန်အကျဉ်းထောင် သင်တန်းကျောင်းကို ပို့ဆောင်ထားပြီး ထောင်မှူးကိုတော့ အကျဉ်းဦးစီးဌာနချုပ်ကို ပြောင်းရွေ့ထားတယ်လို့ ပြည်တွင်းမီဒီယာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က ထပ်မံအတည်ပြုနိုင်ဖို့ အကျဉ်းဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်ရာမှာ တာဝန်ရှိသူက အစည်းအဝေးတက်နေတဲ့အတွက် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ရုံးအဖွဲ့ ဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့ပါတယ်။
ဘားအံအကျဉ်းထောင်ကနေ ထောင်ဖောက်ပြေးခဲ့တဲ့ အကျဉ်းသား ၄၂ ဦးအနက် အောက်တိုဘာ ၂ ရက်နေ့အထိ ၂၆ ဦးကို ပြန်လည်ဖမ်းဆီးရမိထားပြီး လွှတ်မြောက်နေတဲ့ အကျဉ်းသား ၁၆ ဦး ကျန်နေသေးတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။