ဘားအံ တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ မတ်လရွှေ့ဆိုင်း
2014.02.06

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းက ခေါင်းဆောင်တွေဟာ ကရင်ပြည်နယ် ဘားအံမြို့မှာ အခုဖေဖေါ်ဝါရီလအတွင်းတွေ့ဆုံဖို့ စီစဉ်ထားပေမယ့် နားလည်မှုပိုရနိုင်ဖို့အတွက် လာမယ့်မတ်လကို ရွှေ့လိုက်တယ်လို့ သိရပါတယ်။
အရင်သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပွဲမကျင်းပဖြစ်ဘဲ မတ်လထဲကို ရွှေ့လိုက်ရတာနဲ့ပတ်သက်ပြီး NCCT တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက အခုလိုပြောဆိုပါတယ်။
“ကျနော်တို့ ဒီရန်ကုန်မှာတွေ့ဖို့က ရက်နည်းနည်းနောက်ကျသွားတော့ အဲ့ဒီအပေါ်မှာ ကျနော်တို့ နည်းနည်းပြန်သုံးသပ်ရအုံးမယ်ဆိုတော့ အဲ့ဒီမှာ အချိန်က နည်းနည်းကပ်သွားတယ်လေဗျာ။ ကပ်သွားတော့ အဲ့ဒါကို ပြန်ရွှေ့တာ၊ ကျနော်တို့လည်း အချိန်မဆွဲပါဘူး၊ နှစ်ဘက်ကြားမှာ ပိုပြီးတော့ နားလည်မှုရှိရှိနဲ့ပေ့ါဗျား။ ဘားအံမှာတွေ့ရင် နည်းနည်းနားလည်မှုပိုရှိနိုင်တဲ့ အနေအထားမျိုးကို ဖန်တီးချင်လို့ဗျ၊ အမှန်ကတော့ ကျနော်တို့ တစ်ဘက်တည်းရဲ့ ဒီသဘောထားကြောင့် အခြေအနေကြောင့် အဲ့သလို ရွှေ့လိုက်ရတာ မဟုတ်ဘူးဗျ။ နှစ်ဖက်စလုံးရဲ့ စဉ်းစားမယ့် အနေအထားပေါ်မှာ အခြေအနေက အဲ့သလို ဖြစ်လာတာ”
တွေ့ဆုံဖို့ရွှေ့ဆိုင်းလိုက်ရတာဟာလည်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချူပ်နယ်မြေက လော်ခီးလာစခန်းမှာ ပြီးခဲ့တဲ့ ဇန္နဝါရီ ၂၆ ရက်နေ့မှာ ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များရဲ့ ညီလာခံမှာ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်အပေါ် ဝန်ကြီး ဦးအောင်မင်းတို့ဘက်က ပြန်လည်တုန့်ပြန်လာမှုကို တိုင်းရင်းသားခေါင်းဆောင်တွေ ပြန်လည်ဆွေးနွေးဖို့ အချိန်လိုအပ်သေးတာကြောင့် ဖြစ်တယ်လို့ ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။
“ကျနော်တို့ ဒီလော်ခီးလာ၊ ပြီးတော့ ဦးအောင်မင်းတို့နဲ့ တစ်ခါတွေ့တယ်၊ ကျနော်တို့ရဲ့ အဆိုပြုချက်ကို ကျနော်တို့ သူတို့ကို ပေးလိုက်တယ်၊ သူတို့ကနေပြီးတော့ အထက်အဆင့်ကို တင်ပြမှာပေါ့ဗျာ။ အဲ့ဒီအထက်အဆင့်က တင်ပြမယ့် သဘောထားတွေကို ကျနော်တို့ကို ပြန်ပေးမယ်။ အဲ့ဒါရန်ကုန်မှာ ကျနော်တို့ ကိုယ်စားလှယ် သွားတွေ့ပြီးတော့မှ အဲ့ဒါကို ယူလာမယ်၊ အဲ့ဒီအပေါ်မှာ ကျနော်တို့ကတော့ ပြန်လည်သုံးသပ်ရအုံးမယ်ဗျ၊ အဲ့ဒါက ဒီလရဲ့ တတိယအပတ်လား အဲ့သလောက်မှာတွေ့မယ်”
ဝန်ကြီး ဦးအောင်မင်းတို့ဖက်က တုန့်ပြန်လာမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကခေါင်းဆောင်တွေ သဘောတူလက်ခံနိုင်တယ်ဆိုရင်တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြဖို့ ရက်သတ်မှတ်နိုင်ရေး ကရင်ပြည်နယ် ဘားအံမြို့မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။