ဘားအံတက္ကသိုလ်ကျောင်းသား ကိုးဦး ထောင်နှစ်ရှည်တွေ ချမှတ်ခံရ

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ကရင်ပြည်နယ် ဘားအံတက္ကသိုလ်က ကျောင်းသား ကိုးယောက်ဟာ ဖေဖော်ဝါရီလ ၁၀ ရက် မနေ့က ထောင် ၁၀ နှစ်ကျော်စီ အသီးသီး ချမှတ်ခံလိုက်ရပါတယ်။
စစ်ကောင်စီကို ဆန္ဒပြတဲ့အတွက် ပုဒ်မ - ၅၀၅ (က)နဲ့ ထောင် နှစ်နှစ်၊ KNU တပ်မဟာ ၅ နဲ့ ဆက်သွယ်ပြီး တပ်မတော်တည်ငြိမ်ရေးကို နှောင့်ယှက်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက် ပုဒ်မ - ၁၂၄ (ဂ) နဲ့ ထောင် ၁၀ နှစ်၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းမှု ပုဒ်မ - ၈ နဲ့ ထောင် တစ်နှစ်၊ စုစုပေါင်း ၁၂ နှစ်နဲ့ ၁၃ နှစ်စီ အသီးသီးချမှတ်ခံရတာဖြစ်ပါတယ်။
ထောင်ချခံရသူတွေကတော့ ဘားအံတက္ကသိုလ်က ကိုမျိုးမြန်မာအောင်၊ ကိုဟန်ဇော်မျိုး၊ ကိုစောမင်းစိုး၊ ကိုချစ်ဝင်းထွန်း ၊ ကိုမင်းသူအောင်၊ စောမာန်မှူး၊ ကိုအောင်ကျော်မင်း၊ ကိုရဲထွဋ်ခေါင်နဲ့ ကိုဇော်ဝင်းထွဋ်တို့ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အသက် ၁၉ နှစ်နဲ့ ၂၃ နှစ်ကြားအရွယ် လူငယ်တွေ ဖြစ်ပါတယ်။
ဘာအပြစ်မှ လုပ်ထားတာမရှိဘဲ လူငယ်တွေကို အခုလို ထောင်နှစ်ရှည်တွေချတာဟာ တရားမျှတမှုမရှိဘူးလို့ မနေ့က ထောင်ချခံလိုက်ရတဲ့ ကိုမင်းသူအောင်ရဲ့ဖခင် ဦးမြင့်အောင် က RFA ကို ပြောပါတယ်။
“လူငယ်တွေအနေနဲ့ ဆန္ဒပြခဲ့လို့ ၅၀၅ (က) နဲ့ စွဲတယ်ပေါ့ဗျာ။ သူတို့ကိုယ်တိုင်လည်း လုပ်ခဲ့တဲ့ကိစ္စ၊ ဆန္ဒပြခဲ့တဲ့ကိစ္စမို့လို့ ပြစ်ဒဏ်ချတယ်ဆိုတော့ သူတို့ကျူးလွန်လို့ခံရ တယ်ဆိုပြီး လက်ခံလို့ရသေးတယ်။ အခု ၁၂၄ (က) ကျတော့ ဒီကလေးတွေက ဘာမှ တပ်မတော်ကို ဟိုဒင်းဖြစ်အောင် လုပ်တဲ့အဖွဲ့လည်း မဟုတ်ဘူး။ တပ်မတော်ရဲ့ ငြိမ်း ချမ်းရေးကို အနှောင့်အယှက်ပေးတဲ့ ရာဇသတ်ကြီး ပုဒ်မကိုး။ တပ်မတော်နဲ့ ပတ်သက် လို့ ဘာမှလုပ်ထားတာ မဟုတ်တဲ့အတွက် အဲဒီလိုစွဲတာကိုတော့ လက်ခံလို့မရဘူး။ ဘာမှလည်း သက်သေအထောက်အထားမရှိဘဲနဲ့ မခိုင်မာဘဲနဲ့ ထောင် ၁၂ နှစ်ချ တာကတော့ မတရားတဲ့ ပြစ်ဒဏ်”
ကျောင်းသားတွေ အဖမ်းခံရစဉ်ကတည်းက သူတို့ရဲ့အိတ်ထဲမှာ မသင်္ကာစရာ ဘာပစ္စည်းမှ မတွေ့ဘဲ Skin Care အသားလှဆီတွေသာတွေ့ရကြောင်း၊ ဖုန်းထဲမှာလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ကိစ္စမျိုး ဘာတစ်ခုမှ မပါကြောင်း ဦးမြင့်အောင်က ပြောသွားပါတယ်။
သားဖြစ်သူ အပါအဝင် တက္ကသိုလ်ကျောင်းသားတွေရဲ့ အမှုတွေကို အခမဲ့အကျိုးဆောင် ပေးနေတဲ့ ရှေ့နေ ဒေါ်နီလာနဲ့ ရှေ့နေ ကိုဖုန်းမြတ်သူ တို့ကိုလည်း စစ်ကောင်စီက မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သူက ဆိုပါတယ်။ ဦးမြင့်အောင် ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားဟောင်း၊ NLD ကရင်ပြည်နယ် ဥပဒေအထောက်အကူပြု အဖွဲ့ဝင်တစ်ဦးဖြစ်တာကြောင့် အခုချိန်မှာ ရှောင်ပုန်းနေ ရတယ်လို့ ဆိုပါတယ်။
ကျောင်းသားတွေရဲ့ အမှုအကြောင်း အသေးစိတ်သိနေတဲ့ တရားရုံးနဲ့ နီးစပ်သူတစ်ဦး ကတော့ ကျောင်းသားတွေကို ပုဒ်မ ၁၂၄ (ဂ) နဲ့ မစွဲခင် ၅၀၅ (က) နဲ့ အရင်ဖမ်းထိန်းပြီးမှ နှစ်နှစ်၊ အဲဒီနောက် ပုဒ်မ ၁၂၄ (ဂ) နဲ့ ထပ်စွဲပြီး ထောင် ၁၀ နှစ်ထပ်ချလိုက်တာလို့ RFA ကို ပြောပါတယ်။
"ဘာမှလည်း သက်သေအထောက်အထားမရှိဘဲနဲ့ မခိုင်မာဘဲနဲ့ ထောင် ၁၂ နှစ်ချတာကတော့ မတရားတဲ့ ပြစ်ဒဏ်"
ကျောင်းသားတစ်ဦးရဲ့ ဖခင်နဲ့ အလုပ်လုပ်ထားတဲ့ အသံဖိုင်ကိုယူပြီးတော့မှ ကျောင်းသား အားလုံးကို စွဲချက်တင်ပြီး အခုလို ထောင်နှစ်ရှည်တွေ ချလိုက်တာလို့လည်း သူက ဆို ပါတယ်။
အခု ထောင် ၁၀ နှစ်ချလိုက်တဲ့ ပုဒ်မ- ၁၂၄ (ဂ) တပ်မတော်တည်ငြိမ်ရေးကို နှောက်ယှက်ဖို့ ကြိုးစားမှုဆိုတာ စစ်တပ်ကအာဏာသိမ်းပြီးမှ ၂၀၂၁ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်နဲ့ ထပ်တိုးထားတဲ့ ပုဒ်မဖြစ် ပါတယ်။
ဘားအံတက္ကသိုလ်ကျောင်းသားတွေ အခုလို ထောင်နှစ်ရှည်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမဲ့ အခုချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။
တကသ ကျောင်းသားဟောင်းများအင်အားစုအဖွဲ့က ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင် ကတော့ စစ်ကောင်စီဟာ သူတို့စိတ်ကူးတည့်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ ကျောင်းသားတွေကို နှိပ်ကွပ်နေတာဖြစ်ပြီး စစ်အာဏာရှင်လက်အောက်မှာ ဘယ်လိုလူ့အခွင့်အရေးကိုမှ ရှာဖွေလို့ရမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။
"သူတို့ပတ်သက်ပါဝင်နေတဲ့ နိုင်ငံရေးအခန်းကဏ္ဍ၊ စီးပွားရေးအခန်းကဏ္ဍတွေ အခန်း ကဏ္ဍအားလုံးကို ဖြုတ်ပစ်နိုင်မှသာလျှင် ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေးတွေ ပျိုး ထောင်လို့ရမယ်။ လူ့အခွင့်အရေးတွေ ဖွံ့ဖြိုးလာအောင်လုပ်လို့ရမယ်။ မတရားမှုတွေကို တရားမှုဖြစ်အောင် ကျနော်တို့ရှာဖွေလို့ရမယ်။ စစ်အာဏာရှင်လက်အောက်မှာတော့ ဘာလူ့အခွင့်အရေးကိုမှ ကျနော်တို့ ရှာဖွေလို့ရမှာမဟုတ်ပါဘူး"
ကျောင်းသား ကိုးယောက်ဟာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရာကနေ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ အဖမ်းအဆီးတွေ များလာတဲ့အတွက် မွန်ပြည်နယ်၊ ဘီးလင်းမြို့က ရွှေတော တစ်ခုမှာ အလုပ်သွားလုပ်စဥ် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လထဲမှာ အဖမ်းခံလိုက်ရတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၀ ရက် မနေ့ကအထိ ထုတ်ပြန်ထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း ထားတဲ့ တစ်နှစ်ကျော်အတွင်း အရပ်သား ၁, ၅၄၆ ယောက် သေဆုံးပြီး ၁၂,၀၇၃ ယောက် အဖမ်းခံထားရပါတယ်။