အပစ်ရပ်စာချုပ်မှာ ဘယ်အဖွဲ့တွေ ပါဝင်လက်မှတ်ထိုးမလဲ မဆုံးဖြတ်နိုင်သေး


2015.09.09
sd-theinsein-620.jpg အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သမ္မတ ဦသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ခေါင်းဆောင်တွေ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော် MICC(2)မှာ တွေ့ဆုံကြစဉ်
Photo: winnaung Toe/RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် အစိုးရဘက်က ပထမဆုံး ၁၅ ဖွဲ့နဲ့ စက်တင်ဘာလ မကုန်ခင် လက်မှတ်ရေးထိုးလိုတဲ့ဆန္ဒရှိပြီး တိုင်းရင်းသားတွေဘက်က ဘယ်အဖွဲ့တွေ လက်မှတ်ရေးထိုးမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဒီကနေ့ ဆွေးနွေးပွဲအပြီး သတင်းမီဒီယာတွေကို ပြောကြားချက်အရ သိရပါတယ်။

ဒီကနေ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင် ၉ ဦးတို့ အပစ်ရပ်စဲရေးအတွက် ဘယ်အဖွဲ့တွေ လက်မှတ်ထိုး မလဲဆိုတာကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့နဲ့သာ လက်မှတ်ထိုးဖို့တောင်းဆိုခဲ့ပြီး ကျန်တဲ့အဖွဲ့တွေနဲ့လည်း ဆက်ပြီးညှိနှိုင်းဆောင်ရွက်သွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က နိုင်ငံရေးအကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ညနေပိုင်းမှာ ပြောပါတယ်။

"၁၅ ဖွဲ့လုံးကို ကျနော်တို့က ဖိတ်ပြီးသားဖြစ်တဲ့အတွက် ၁၅ ဖွဲ့နဲ့စထိုးဖို့ပါ၊ ၁၅ ဖွဲ့အပြင်မှာ ၆ ဖွဲ့ကျန်တယ်၊ ၃ ဖွဲ့ကတော့ NCA ကိုထိုးဖို့ မလိုအပ်ဘူး၊ ဒါကြောင့်မို့လို့ နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ပါပဲ၊ အဲ့လိုအဖွဲ့တွေ အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို သူတို့ကိုနှစ်ဘက်စလုံးက သဘောတူတဲ့အတွက် တက်ရောက်နိုင်တဲ့ အခါမှာလည်း ၁၇(၁)တွေဘာတွေနဲ့ သူတို့ကိုလုပ်လို့ရတဲ့အတွက် ဒီဟာတွေကပြီးသွားပြီ၊ ကျန်တဲ့ ၃ ဖွဲ့မှာတော့ MNDA ကတော့ နိုင်ငံတော်သမ္မတနဲ့ သူတို့တိုက်ရိုက်ဆွေးနွေးတာဖြစ်တဲ့အတွက် ဒါကိုလည်း ကျနော် ထည့်ပြောဖို့မလိုဘူး၊ TNLA က ဆက်ဆွေးနွေးမယ်ဆိုတဲ့အတွက် AA ပဲကျန်ပါတယ်၊ ဗိုလ်ချူပ်ကြီး အင်ဘန်လတို့ဘက်က AA ရယ် ANC ရယ် ALP ရယ်ပေါင်းလို့ ရမလားလို့မေးခဲ့ပါတယ်၊ ဒါကိုလည်း နိုင် ငံတော်သမ္မတဘက်က တိုင်းရင်းသားတွေရဲ့ဆန္ဒပဲ ကျနော်တို့ဘက်က ကောင်းမွန်တဲ့ဟာဖြစ်ရင်တော့ ဘာကိုမဆိုညှိနှိုင်းပြီးတော့ လက်ခံပါ့မယ်လို့ပြောတဲ့အတွက် ဒီသဘောထားပါပဲ"

တိုင်းရင်းသားခေါင်းဆောင်တွေဘက်က အတည်ပြုပြောတာက အစိုးရဘက်က ၁၅ဖွဲ့နဲ့ အရင်လက်မှတ်ရေးထိုး လိုပေမယ့် သူတို့ဘက်က မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့က ကိုယ်စားလှယ် ၉ ဦး တက်ရောက်ကြတာဖြစ်ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေရဲ့ မီဒီယာအဖွဲ့ဝင် နော်မေဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။