တစ်ပတ်အတွင်း နေအိမ်အလုံး ၅၀၀ ခန့် မီးရှို့ခံရ

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်အလုံးပေါင်း ငါးရာနီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ၄၃၈ လုံးနဲ့ ကယားပြည်နယ်မှာ ၄၂ လုံး ဒီတစ်ပတ်ထဲမှာ မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစလို့ အခု ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့အထိ ကာလအတွင်းမှာ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အလုံးပေါင်း ၇၇၂၉ လုံးရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝန်းက နေရာ ၁၈၆ နေရာမှာ မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ရွာလုံးကျွတ်လိုက် အိမ်အများစု မီးရှို့ခံရတာဖြစ်ပြီး မကွေးနဲ့ ချင်းပြည်နယ်ဘက်မှာ ဒုတိယအများဆုံး မီးရှို့ခံရတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်တိုက်ခိုက်နေတဲ့ ဒေသဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း ဒီဒေသကရွာတွေကို ကုန်းကြောင်းတင်မက လေကြောင်းကနေပါ ထိုးစစ်ဆင်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသတော်တော်များများမှာ စစ်တပ်က ရွာတွေကိုမီးရှို့နေတာကို ဒေသခံတွေက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ ပြောဆိုနေကြပေမယ့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က မီးရှို့တာ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။