မတ္တရာမြို့နယ်က ရွာတချို့ နေ့စဉ် မီးရှို့ဖျက်ဆီးခံနေရ
2024.12.18

မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်းရွာ ရွာငါးရွာထက်မနည်းကို စစ်ကောင်စီတပ်က နေ့စဉ် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။
ပို၀ (မြောက်)၊ ဆင်ကုန်း၊ မြွေဥဒိန်၊ မြွေပုသိမ်၊ မြွေဆင်ကုန်း စတဲ့ရွာတွေက နေအိမ်တွေကို ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ အကြိမ်ကြိမ် မီးရှို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြွေဥဒိန်ဆို တစ်နေ့တည်း လေးခါလောက် မီးရှို့ခံရတာ။ တော်တော်လေးကို အပျက်အစီးများနိုင်တယ်။ မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေကိုပါ မီးဆက်ရှို့တာ။ စစ်ကြောင်းက အခုထိ ရှိနေသေးတော့ အရေအတွက်အတိအကျ မသိရသေးပါဘူး။ မီးခိုးလုံးတက်လာတဲ့ အရေအတွက်ကိုပဲ လိုက်ရေထားတာ တစ်ရာနီးပါးရှိတယ်”
စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် အခုမီးရှို့ခံရတဲ့ ရွာတွေအပါအဝင် အနီးတစ်၀ိုက်ရွာတွေက ဒေသခံတစ်သောင်းခန့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မတ္တရာမြို့အနောက်ခြမ်းက ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် လာတာကြောင့် နယ်မြေတချို့က ကာကွယ်ရေးအဖွဲ့တွေက ပြန်လက်လွှတ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းကျော် (၁၀၅,၃၁၄ လုံး) ရှိလာပြီ ဖြစ်ပါတယ်။