ဟောင်ကောင်မှာ အိမ်ဖေါ်လုပ်မယ့် မြန်မာများကို လာမယ့်အပတ်မှာ စေလွှတ်မည်
2014.02.08

ဟောင်ကောင်မှာ အိမ်ဖေါ်အဖြစ် သွားရောက် အလုပ်လုပ်မယ့် မြန်မာနိုင်ငံက အမျိုးသမီး ၁၉ ယောက်ကို လာမယ့်သတင်းပတ်မှာ ပထမဆုံးစေလွှတ်ဖို့စီစဉ်နေပြီလို့သိရပါတယ်။
ဒါပေမယ့် အိမ်ဖေါ်လုပ်သားတွေကို ညှင်းပမ်းနှိပ်စက် တယ်လို့သတင်းကြီးနေတဲ့ ဟောင်ကောင်ကို ပို့မယ့်ကိစ္စမှာ အလုပ်သမားတွေကို ကာကွယ်ပေးမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရက သတိကြီးကြီးထားနေတယ်လို့ ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာက ဒီနေ့ရက်စွဲနဲ့ရေးသားဖေါ်ပြလိုက်ပါတယ်။
အလုပ်သမားတွေကို အသေအချာ အကာအကွယ်ပေးနိုင်ဖို့အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်စေချင်တဲ့အတွက် အခုသွားမယ့် အလုပ်သမားတွေအတွက် လိုအပ်တဲ့တရားဝင် စာရွက်စာတမ်းတွေ မပြည့်စုံသေးဘူးလို့ အလုပ်သမားတွေကိုပို့မယ့် Gold Mine Manpower အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်ကုမ္ပဏီရဲ့ တည်ထောင်သူက ပြောဆိုကြောင်း ရေးသားထားပါတယ်။
ပြည်ပမှာ သွားရောက်အလုပ်လုပ်မယ့် မြန်မာအလုပ်သမားတွေအတွက် အစိုးရကထုတ်ပေးတဲ့ မှတ်ပုံတင်ကတ်ပြားလဲ မရသေးဘူးလို့ဆိုပါတယ်။
အရှေ့တောင်အာရှ ရွှေ့ပြောင်းလုပ်သားရေးရာ သုတေသီတဦးဖြစ်တဲ့ Andy Hall က၊ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ဒေသတွင်း တခြားနိုင်ငံက အလုပ်သမားတွေထက်စာရင် အားနည်းချက်အရှိဆုံး လူတွေအဖြစ် သတ်မှတ်ခံရလေ့ရှိတယ်လို့ပြောပါတယ်။
မြန်မာလုပ်သားတွေဟာ ပညာအရည်အချင်းနည်းပြီး၊ မျှော်လင့်ချက်မဲ့နေကြသလို၊ လာဘ်စားမှုများပြီး လုပ်ထုံးလုပ်နည်းအားနည်းတဲ့ ဌါနဆိုင်ရာတွေရဲ့ ဝဲဂယက်ထဲမှာလည်း ပိတ်မိနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားအရေးနဲ့ပတ်သက်လို့အစိုးရရဲ့စီမံခန့်ခွဲမှုကလည်း အရမ်းညံ့ဖျင်းတယ်လို့ဆိုပါတယ်။
မြန်မာအစိုးရဟာ အလုပ်သမားတွေမလွှတ်ခင် သူတို့ကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အစီအစဉ်တွေကို အရင်ဆုံးချမှတ်သင့်တယ်လို့အလုပ်သမားရေးဆောင်ရွက်သူ ရှေ့နေ ဦးဌေးက RFA ကိုပြောပါတယ်။
“ကျနော်တို့ တိုင်းပြည်မှာ ပြည်ပနိုင်ငံသွားလုပ်တဲ့ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ အကာအကွယ်တွေက စနစ်တကျ မပေးနိုင်သေးပါဘူး၊ နောက်တစ်ခုက ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့ပေးနိုင်တာမရှိပါဘူး၊ ဖွဲ့ပေးနိုင်တာ မရှိတဲ့အခါ ကျတော့ အလုပ်သမားတွေအတွက်က သူတို့ရဲ့အလုပ်သမား အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက် ဖို့လည်း အခက်အခဲရှိပါတယ်၊ ကျနော်တို့ ပြည်ပမှာရောက်နေတဲ့ ရွေ့ပြောင်းအလုပ်သမားတွေ ကိစ္စတွေကို စနစ်တကျ လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်သမားအရေး အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ပထမဦးဆုံး အစီအစဉ်တွေကို စနစ်တကျ ချမှတ်သင့်ပါတယ်၊ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုမှ ပြည်ပကို အလုပ်သမားပို့ဆောင်တဲ့လုပ်ငန်းတွေ လုပ်သင့်တယ်လို့ ကျနော်တို့ကမြင်ပါတယ်”
ရန်ကုန်မြို့က အလုပ်သမား အခွင့်အရေးဆိုင်ရာအဖွဲ့တစ်ဖွဲ့ရဲ့ ဆက်ဆံရေးတာဝန်ခံတစ်ဦးဖြစ်သူ ဦးချစ်ဦးမောင်က အလုပ်သမားပို့တဲ့ကုမ္ပဏီတွေဟာ အလုပ်သမားတွေကို ရပိုင်ခွင့်တွေပြောပြဖို့ ပျက်ကွက်တယ်လို့ South China Morning Post သတင်းစာကို ပြောဆိုကြောင်း ရေးသားထားပါတယ်။
အလုပ်သမားရေးဆောင်ရွက်သူ ရှေ့နေဦးဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။