အလုပ်သမားအဖွဲ့ပိုင်မြေ ပြန်ရဖို့ ဆန္ဒပြ


2017.05.03
workers-protest-sagaing-620.jpg အလုပ်သမားအဖွဲ့ပိုင်မြေ ပြန်ရဖို့ မေလ ၃ ရက်နေ့က အလုပ်သမား ၅၀ ကျော် ဟုမ္မလင်းမြို့မှာ ဆန္ဒပြတောင်းဆိုစဉ်
Photo: ဇော်မျိုးသန့်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ မြို့မဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ ဥက္ကဌဟောင်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို လွှဲပြောင်းပေးခဲ့တဲ့ ဆိပ်ကမ်းအလုပ်သမားအဖွဲ့ပိုင် မြေနေရာနဲ့ အဆောက်အဦး ပြန်ရဖို့အတွက် အလုပ်သမား ၅၀ ကျော်က ဟုမ္မလင်းမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဖွဲ့ပိုင်မြေနေရာကို တစ်ဦးတစ်ယောက်ပိုင်သဘောမျိုးနဲ့ တစည ပါတီကို လွှဲပြောင်းပေးလိုက်တဲ့အတွက် မကျေနပ်လို့ ဆန္ဒပြတာဖြစ်တယ်လို့ လက်ရှိ မြို့မဆိပ်ကမ်း ကုန်တင်ကုန်ချအလုပ်သမား အဖွဲ့ ဥက္ကဌ ဦးသိန်းဇော် ကပြောပါတယ်။

"ကျနော်တို့ အလုပ်သမားနာမည်နဲ့ ပေါက်ပြီးသားဂရန်ကို အဖွဲ့အနေနဲ့ ပေါက်ထားတဲ့ဂရန်ကို တစ်ဦး တစ်ယောက်အနေနဲ့ သူပိုင်ပါတယ်ဆိုပြီးတော့ တစည တာဝန်ရှိသူတစ်ယောက်နဲ့ အဲဒီဂရန်ကို မြေစာရင်းမှာ မှတ်ပုံတင်ပြီးတော့ နာမည်ပြောင်းယူသွားတယ်၊ အဲဒီကိစ္စကို မကျေနပ်လို့ပါ"

ဆိပ်ကမ်းအလုပ်သမားအဖွဲ့ပိုင်အဖြစ် မြေဂရန်ပေါက်ထားတဲ့ မြေနေရာနဲ့ အလုပ်သမားရုံး အဆောက်အဦးကို အလုပ်သမားအဖွဲ့ ဥက္ကဌဟောင်းက တစည ပါတီကို လွဲပြောင်းပေးအပ်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ တစညပါတီအမည်နဲ့ ဂရန်ပြောင်းလျှောက်ထားတဲ့အချိန်မှာ အလုပ်သမားတွေက ဝိုင်းဝန်းကန့်ကွက်ခဲ့တယ်။

အဲဒီနောက် ၂၀၀၉ ခုနှစ်မှာလည်း တစညပါတီက ထပ်မံလျှောက်ထားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တစညပါတီမြေ ဂရန်ပေါက်ပြီး နောက်ပိုင်းမှသာ အလုပ်သမားတွေက သိရှိခဲ့ရတဲ့အတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ဌာနတွေကို တိုင်ကြားခဲ့ပေမယ့်လည်း ဖြေရှင်းပေးတာမရှိဘူးလို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ ဒီနေ့မနက် ၉ နာရီမှာ တ.စ.ည ပါတီကို လွှဲပြောင်းခံလိုက်ရတဲ့ အလုပ်သမားရုံးရှေ့မှာ စုဝေးဟောပြောတာတွေ ဆောင်ရွက်ခဲ့ပြီး မြို့တစ်ပတ် ပတ်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အလုပ်သမားအဖွဲ့အစည်း ပိုင်ဆိုင်ခဲ့တဲ့ အဲဒီအဆောက်အအုံမှာ အလုပ်သမားတွေနားခိုခွင့် မရှိတော့ဘဲ တစညပါတီက ရုံးခန်းအဖြစ်ဖွင့်လှစ်ထားတယ်လို့ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့ထံက သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။