ဆန္ဒပြ ဟုန်ရှင်းစက်ရုံ အလုပ်သမားတွေ နစ်နာကြေး ရရှိ


2013.09.24
home-shin-worker-305.jpg မြို့တော်မခန်းမရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများကို စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Thiha Tun

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာလ ၂၂ ရက်နေ့က သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့တဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတွေဟာ ဒီနေ့ဒဂုံမြို့သစ်ဆိပ်ကမ်းက ကနောင်ခန်းမမှာ ဟုန်ရှင်းအလုပ်ရှင်ဘက်က ထုတ်ပေးတဲ့ နစ်နာကြေးတွေ သွားရောက်ထုတ်ယူခဲ့ကြပါတယ်။

နစ်နာကြေးကို ဥပဒေအတိုင်းရခဲ့တယ်လို့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမ မမိုးစန္ဒာက ပြောပါတယ်။

"အားလုံးအဆင်ပြေတယ်လို့ ပြောရမှာပေါ့နော်၊ လစာတွေက ထုတ်ပေးနေပြီ၊ လစာက ဒီ ၉ လပိုင်းက ၁၁ ရက်စာပဲ ရတယ်ပေါ့နော်၊ ကျန်တဲ့ရက်က ဆန္ဒပြနေတာ"

လုပ်သက် ၃ နှစ်အထိရှိသူကို ၃ လစာ နစ်နာကြေးပေးပြီး လုပ်သက် ၃ နှစ်အထက်ရှိသူကို နစ်နာကြေး ၅ လစာပေးတယ်လို့ သိရပါတယ်။ ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်သမားတွေဟာ ပျမ်းမျှ လစာ တစ်လ ငါးသောင်းလောက်ရတယ်လို့ ပြောပါတယ်။

အဲဒီလို နစ်နာကြေးအပြင် လုပ်သက်ခွင့်အတွက် တစ်နှစ်ကို ၁ဝ ရက်နဲ့တွက်ပြီး ခံစားခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ညနေပိုင်းမှာ ထပ်ထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ညနေက တိုင်းအလုပ်သမားဝန်ကြီး ဦးစိုးမင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ၈၈ မျိုးဆက်က အလုပ်သမားရေးရာတာဝန်ခံ မသက်သက်အောင်၊ စက်ရုံပိုင်ရှင်ကိုယ်စားလှယ်တွေနဲ့ ဟုန်ရှင်းအလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေဟာ အချက် ၅ ချက်ပါတဲ့ နှစ်ဘက်သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။