ခွင့်ပြုချက်မဲ့ စက်သုံးဆီဆိုင်များ စိစစ်တော့မည်
2013.10.07

ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် တရားဝင်ခွင့်ပြုချက်မရှိပဲ ဖွင့်လှစ်ရောင်းချနေတဲ့ စက်သုံးဆီဆိုင်လုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က အရေးယူဆောင်ရွက်ဖို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က ပြောကြားလိုက်ပါတယ်။
ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပဲခူးတိုင်းမဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ရန်ကုန်နဲ့ မန္တလေး ကားလမ်းဘေးတစ်လျှောက် လယ်ယာမြေတွေပေါ်မှာ စက်သုံးဆီဆိုင်လုပ်ငန်းတွေအဖြစ် တရားမဝင် လုပ်ကိုင်နေကြတာတွေဟာ လယ်ယာမြေဥပဒေ နည်းဥပဒေတွေနဲ့ ညီညွတ်မှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က အရေးယူဖို့ ပြောကြားလိုက်တာဖြစ်ပါတယ်။
"ရန်ကုန်နဲ့ မန္တလေးကြားထဲမှာ ဓာတ်ဆီဆိုင်လုပ်ငန်းတွေ ထွန်းကားလာတဲ့အတွက် ဥပဒေမဲ့သုံးစွဲတယ်၊ တရားဝင်ခွင့်ပြုချက်မရပဲ သုံးစွဲတဲ့ကိစ္စတွေကတော့ အမြတ်မရရှိဘူး၊ အခုပဲခူးတိုင်းမှာ ၄၅ဝ လောက်ရှိတယ်၊ မန္တလေးတိုင်းမှာမရှိဘူး၊ အရေးယူစရာရှိရင်လည်း အမြန်အရေးယူတားဆီးဖို့လိုတယ်၊ အဲတော့ မြေအမျိုး အစားခွဲခြားရမယ်၊ စိုက်လို့ပျိုးလို့မရတဲ့မြေဖြစ်ရမယ်၊ အဲလိုမဟုတ်ပဲနဲ့ အခုလုပ်ချင်သလိုလုပ်နေတဲ့ သဘောဖြစ်လာတယ်၊ ဒါကိုတိုင်းဒေသကြီး အစိုးရအဖွဲ့တွေကလည်း ဆောင်ရွက်သလို ပြည်ထောင်စု ဝန်ကြီးဌာနအနေနဲ့လည်း အမြင်မတော်တာတွေ့ရင် ချင်ချင်းညှိနှိုင်းပြီးဆောင်ရွက်ရမယ်"
အဲဒီမေးခွန်းကို လယ်ယာစိုက်ပျိုုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာမှာ လယ်ယာမြေလုပ်ထုံး လုပ်နည်းတွေကိုပဲ ဖတ်ပြသွားတာဖြစ်ပြီး အောက်ခြေထိဆင်းပြီးတော့ ဘယ်လိုစီစဉ်အရေးယူ ဆောင်ရွက်ထားတယ်ဆိုတာ တိတိကျကျဖြေကြားတာမဟုတ်တဲ့အတွက် ကျေနပ်လောက် တဲ့အဖြေမရဘူးလို့ ပဲခူးတိုင်းမဲဆန္ဒနယ်မှ ဦးမင်းဦးက RFA ကိုပြောပါ တယ်။
"အောက်ခြေအထိ သေချာဆင်းပြီးတော့ ကျနော်တင်ပြခဲ့တဲ့ နေရာတွေအပေါ်မှာ တိတိကျကျ အဲဒါတွေကို ဘယ်လိုအရေးယူဆောင်ရွက်နေပါတယ်၊ ဘယ်လိုစိစစ်ဆောင်ရွက်နေပါတယ်ဆိုတာ တိတိကျကျဖြေသွား တာမရှိဘူး၊ အရင်လက်ဦးမှုယူပြီးတော့ အခိုင်အမာ အဆောက်အဦးတွေ ဆောက်လုပ်ထားတဲ့ မြေတွေရဲ့ အပေါ်မှာလည်း လယ်ယာမြေဥပဒေ နည်းဥပဒေနဲ့အညီ ပြန်လည်ပြီးတော့ ဘယ်လိုကုစားဆောက်ရွက် ပါမယ်လို့လည်း ဖြေသွားတာမျိုးမတွေ့ရတဲ့အတွက် သိပ်တော့အားရကျေနပ်မှုမရှိပါဘူး"
ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက် လယ်မြေတွေပေါ်မှာ တရားမဝင်ဖွင့်လှစ်ရောင်းချတဲ့ စက်သုံးဆီဆိုင်ပေါင်း ငါးရာနီးပါးလောက်ရှိတယ်လို့ သိရပါတယ်။