ထိုင်းဘက်က လောင်စာဆီတင်သွင်းမှုရပ်လိုက်တာကြောင့် မြဝတီမြို့ခံတွေ အခက်ကြုံ

RFA Burmese
2025.02.07
ထိုင်းဘက်က လောင်စာဆီတင်သွင်းမှုရပ်လိုက်တာကြောင့် မြဝတီမြို့ခံတွေ အခက်ကြုံ ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းလိုက်တာကြောင့် လောင်စာဆီတန်းစီနေသည့် ဆိုင်ကယ်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်နဲ့ လောင်စာဆီတင်သွင်းတာတွေ ရပ်ဆိုင်းလိုက်တာကြောင့် ဆီဆိုင်တွေမှာ မြို့ခံတွေ အလုအယက်ဝယ်နေကြပြီး အခက်အခဲဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြဝတီမြို့က အခြေခံလူတန်းစားတွေ လောင်စာဆီရဖို့ တန်းစီနေရတယ်လို့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"NLD လက်ထက် မြန်မာမီးလာကတည်းက ထိုင်းမီးက ပြည်သူတွေမသုံးရတာ။ မြန်မာမီးလည်း ပြတ်ရော ပြည်သူတွေက ဆိုလာနဲ့ နေသားကျနေတာ၊ ဌာနဆိုင်ရာရုံးတွေလောက်ပဲထိုင်းမီးယူသုံးတာ၊ ပြည်သူတွေ မီးမရတာနှစ်နှစ်ကျော်ပြီ၊ ဒါပေမဲ့ ဆီဖြတ်တော့ ပြည်သူတွေ အတော်ထိတာ၊ လက်လုပ်လက်စားတွေ တက္ကစီသမားတွေ ပိုထိတာ"

ဆိုင်ကယ်သမားတွေက မြဝတီမြို့က ဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေကြပြီး ဆီဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းချနေတာကြောင့် ကားသမားတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ သွားရောက်ဝယ်ယူကြတယ်လို့လည်း ပြောပါတယ်။

မဲဆောက်ဘက်က ဆီဆိုင်တွေမှာ မြန်မာဘက်က ဆီလာဝယ်သူတွေ ပြည့်နေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

"မနက်ခြောက်နာရီခွဲ အမှတ် ၁ ထိုင်းမြန်မာချစ်ကြည်ရေးတံတား ဖွင့်တာနဲ့ မဲဆောက်ဘက်ခြမ်းကူးလာပြီးတော့ နီးစပ်ရာဓာတ်ဆီဆိုင်တွေကို အပြေးအလွှားသွားပြီး ဓာတ်ဆီကို ပုံးကြီးပုံးငယ်တွေနဲ့ ဝယ်ကြတာ၊ ဒီနေ့ကစ မဲဆောက်ကာစတန်က ပုံးတွေကို စစ်တယ်လို့သိရတယ်၊ ဘယ်လိုဖြစ်ဖြစ် မဲဆောက်မြို့ခံတွေရဲ့ ကားတွေ၊ ဆိုင်ကယ်အသုံးပြုမှုတွေမှာ ဓာတ်ဆီဆိုင်တွေတန်းစီတဲ့အခါမှာ ပိုပြီးအချိန်ကြာတာတွေရယ်၊ လူတွေယာဉ်တွေပိတ်ဆို့မှုတွေ ရှိလာတဲ့အခါကျတော့ သွားလာရတာ ကသိကအောက်နိုင်တာပေါ့လေ"

ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် မြန်မာပြည်တွင်း ငါးနေရာကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြန့်ဝေနေတာတွေကို ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

ရွှေကုက္ကိုအပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိရာ နေရာတွေနဲ့ လုပ်ငန်းရှင်တွေကတော့ လျှပ်စစ်မီးအတွက် မီးစက်တွေ အသုံးပြုကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြဝတီမြို့နယ်မှာ လူဦးရေ နှစ်သိန်းနီးပါး (၁၉၅,၆၂၄) ရှိပါတယ်။ ထိုင်းဘက်က လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြန့်ဖြူးနေတာကို ဖြတ်တောက်လိုက်တာကြောင့် မြို့ခံတွေ ကြုံနေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး သဘောထားသိရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

မြဝတီဘက်ခြမ်းကို စက်သုံးဆီပို့ဆောင်မှု ရပ်တန့်လိုက်သောကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ဘက်ခြမ်းမှာလည်း ဆီသယ်ကား ၄၁ စီးသောင်တင်နေတယ်လို့ ထိုင်းအခြေစိုက် The Reporters သတင်းက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရေးသားထားပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ သတင်းတစ်ပုဒ်မှာတော့ နယ်စပ်ဒေသငါးခုကို စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂ဝ.၃၇ မဂ္ဂါဝပ် ဖြတ်တောက်လိုက်တာကြောင့် တစ်နှစ်ကို ဘတ်ငွေ သန်း ၆ဝဝ ဆုံးရှုံးသွားမှာဖြစ်တယ်လို့ ထိုင်းခရိုင်လျှပ်စစ်အာဏာပိုင် ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။