လေယာဉ်ဆီ စီးဆင်းမှုဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း
2025.02.06

ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေအသက် ကယ်တင်ဖို့ တစ်ခုတည်းသောနည်းလမ်းဟာ စစ်ကောင်စီဆီကို လေယာဉ်ဆီ စီးဆင်းနေတာကို ဖြတ်တောက်ဖို့ပဲဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဖေဖော်ဝါရီ ၄ ရက်က ၆ ရက်နေ့အထိ ကျင်းပတဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင်အဖွဲ့ရဲ့ ၂၀၂၅ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ဖေဖော်ဝါရီ ၄ ရက်က တိုက်တွန်းခဲ့တာပါ။
မြန်မာနိုင်ငံက ကလေး ခြောက်သန်းဟာ လူသားချင်းစာနာရေး အကျပ်အတည်း အဆိုးဝါးဆုံး ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။
လူ ၃ ဒသမ ၅ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒီထဲက ၃၃ ရာခိုင်နှုန်းက ကလေးငယ်တွေဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
လေကြောင်းကတိုက်ခိုက်နေတဲ့အတွက် တချို့ကလေးတွေ ယာယီစခန်းတဲနဲ့ ဗုံးခိုကျင်းတွေထဲ ပညာသင်ကြားနေရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးနေရတဲ့အတွက် စိုးရိမ်ရပြီး ပုံမှန်ကာကွယ်ဆေးမထိုးနှံရင် ကူးစက်လွယ်ရောဂါ ပြန့်ပွားနှုန်း မြင့်တက်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်သာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းကိုပါ ကျော်လွန်ရိုက်ခတ်လာနိုင်တယ်လို့လည်း ထောက်ပြပါတယ်။