လှိုင်သာယာ လုပ်သားများ လစာတိုးရေး ဆန္ဒပြ


2014.04.06
hlaingtharyar-worker-protest-305.jpg လုပ်ခလစာတိုးမြှင့်ရေးအတွက် လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခုက အလုပ်သမားများ ဆန္ဒပြနေစဉ်
photo: RFA/ Tun Myint

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ စက်ရုံတချို့က  အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေး အတွက် လှိုင်သာယာမြို့နယ် မီးခွက်ဈေးအောက်ထိပ်ကနေ မြို့နယ်အားကစားကွင်းထိ ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရဝန်ထမ်းတွေအနေနဲ့  ဧပြီလကစပြီး လစာ နှစ်သောင်းတိုးရမှာဖြစ်တာကြောင့် စက်ရုံအလုပ် သမားတွေဟာ တစ်ရက်ကို လုပ်ခလစာ ၅၆ဝဝ ရရှိမှ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကိုက်ညီနိုင်မယ်လို့ Gallant Ocean အအေးခန်းစက်ရုံ အခြေခံ အလုပ်သမားအဖွဲ့က မလှလှက ပြောပါတယ်။

"ကျနော်တို့ ဒီမှာ ကျနော်တို့မှာရပ်တည်နေရတဲ့ နေထိုင်မှှု စရိတ်တွေဟာ လူတစ်ယောက် ထမင်းစားဖို့အတွက်ကို လှိှုင်သာယာဈေးနှှုန်းနဲ့ကို ည၊ မနက်ကို ၁ဝဝဝ လောက် ရှိပါတယ်၊ ဧပြီလကုန်လို့ရှိရင် အစိုးရဝန်ထမ်း ၂ဝဝဝဝ တိုးမှာ အဲ့ဒီ ၂ဝဝဝဝ တိုးလို့ရှိရင် ပိုဆိုးလာမှာ တစ်နေ့ ၈ နာရီ ၅၆ဝဝ ရရေးကို အခုတောင်းဆိုကြခြင်းဖြစ်ပါတယ်၊ ဒီ ၅၆ဝဝ ရမှသာလျှင် အလုပ်သမားအတွက်က အနည်း အကျဉ်းလောက်ပဲ ဖူလုံရုံပဲရှိမှာပါ၊ အခုဆိုလို့ရှိရင် ကျနော်တို့ အလုပ်သမားတွေမှာ ရတဲ့ပိုက်ဆံနဲ့ မလောက်တဲ့ အတွက်ကြောင့် ကျနော်တို့ ၁ဝဝ ကို ၂ဝ နှှုန်းနဲ့အတိုးတွေယူနေရတယ်၊ တစ်လ တစ်လ အတိုးတွေသာသတ်နိုင်တယ် အရင်းကို မဆပ်နိုင်ဘူး"

ဒီဆန္ဒပြပွဲကို လှိုင်သာယာမြို့နယ်က စံကောင်း ပီနံအိတ်စက်ရုံ၊ Gallant Ocean အအေးခန်းစက်ရုံတွေက အလုပ်သမား ၂ဝဝ ကျော်လောက် ပူးပေါင်းပါဝင်ခဲ့ကြပြီး  ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလုပ်သမား၊ လယ်သမားတွေရဲ့ ဆန္ဒတွေနဲ့အညီ ပြင်ဆင်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အခုလို အလုပ်သမားတွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်က အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများကွန်ရက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေ လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။