လှိုင်သာယာ အလုပ်သမား ဆန္ဒပြ
2012.07.24
အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက်ကို အလုပ်ရှင်ဘက်က ထပ်မံ ချိုးဖောက်တဲ့အတွက် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မယမင်းလွင်က RFA ကို ပြောပါတယ်။
"ဒီနေ့ ၉ နာရီမှာ စပြီးတော့ ပြန်ပြီးတောင်းဆိုတယ်။ တောင်းဆိုတယ်ဆိုတာ အရင်တုန်းကလို အပြင်မှာထွက်ပြီး မနေတော့ဘူး။ အထဲထဲမှာပဲ နေတယ်။ မီးပိတ်ပြီး ငုတ်တုတ်ထိုင်နေကြတယ်။ အလုပ်မလုပ်ဘူး။ ဘယ်လို အချက်တွေလည်း ဆိုတော့ တခြား အချက်တွေကို တောင်းဆိုစရာမရှိဘူး။ အရင်ကတည်းက တောင်းဆိုပြီးသား ဖြစ်တဲ့အတွက် ဒီစာချုပ်တွေကို တရားဝင် လိုက်နာပေးဖို့ပဲ။ အကုန်လုံးပဲ။ တစ်စက်ရုံလုံး။ ၁၉၅၀ လုံး တောင်းဆိုတယ်"
အလုပ်သင် အလုပ်သမားတွေကို သင်တန်း တစ်လပေးပြီးရင် ကျွမ်းကျင်အဆင့်အဖြစ် ခန့်အပ်ဖို့ မူလက သဘောတူညီထားခဲ့ပေမယ့် လက်တွေ့မှာတော့ လျော်ကြေးပေးပြီး အလုပ်က ထုတ်ပစ်မယ်လို့ အလုပ်ရှင်ဘက်က ပြောဆိုခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ အလုပ်ထုတ်ခံရမယ့် အလုပ်သင် အလုပ်သမား ၁၀၀ ကျော်ဟာ မြို့နယ် အလုပ်သမားရုံးကို ဒီကနေ့ သွားရောက် တိုင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား နောက်ဆုံးညှိုနှိုင်း သဘောတူညီထားတဲ့ အချက် (၄၄) ချက်ထဲက လုပ်ခလစာ တိုးမြှင့်ရေး အချက်ကလွဲလို့ အချိန်ပို နာရီ (၈၀) အလုပ်လုပ်ခွင့် အပါအဝင် ကျန်အချက်တွေ အားလုံးနီးပါးကို အလုပ်ရှင်ဘက်က လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
Hi Mo စက်ရုံရဲ့ အုပ်ချုပ်ရေး မန်နေဂျာ ဦးစံသာထွန်းကတော့ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်အတိုင်း အခွင့်အရေးတွေ ရရှိအောင် ဖြေရှင်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
"ကိုးရီးယားဘက်ကိုလည်း မပါဘူး။ ကိုယ့်ရဲ့နိုင်ငံသားပဲ ဦးခံယူထားတာ။ ကလေးတွေကိုလည်း ပြောတယ်။ ကိုယ့်နိုင်ငံသားဘက်က ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်။ ဒါပေမဲ့ မူအတိုင်း ဦးဆောင်ရွက်ပေးမယ်။ အဲလိုပဲ သူတို့ကို ပြောထားတယ်"
ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံဟာ လွန်ခဲ့တဲ့ မေလအတွင်း လနဲ့ချီ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အလုပ်ရှင် အလုပ်သမား သဘောတူညီချက်တွေကိုလည်း အလုပ်ရှင်ဘက်က (၄) ကြိမ်လောက် ချိုးဖောက်ခဲ့တယ်လို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။