လှိုင်သာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် လူငယ်လေးဦး ဖမ်းဆီးခံရ
2022.06.23

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း ကို ဇွန်လ ၂၂ ရက် မနေ့မနက် ၁၀ နာရီကျော်က အမည်မသိ သေနတ် သမားတွေရဲ့ ပစ်ခတ်မှုကိုခံရပြီးနောက် လမ်းသွား လမ်းလာ ဒေသခံလူငယ်လေးဦး ဖမ်းဆီးခံ ထားရတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းဟာ ရပ်ကွက်ရုံးကနေအပြန် စစ်ကိုင်းလမ်းနဲ့ စလင်းလမ်းအတွင်းမှာ ပစ်ခတ်ခံရတာဖြစ်ပြီး သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဦးမောင်မောင်သန်းကို ပစ်သွားတာက ယောက်ျားလေးနှစ်ဦး၊ ဆိုင်ကယ်နဲ့ လာတာ။ အပစ် ခံရပြီးတော့ စစ်ကောင်စီတပ်တွေ ကားတွေနဲ့လာပြီး သယ်သွားတယ်။ အဲ့ဒီလမ်းဆုံနားက ဖြတ်သွားတဲ့ ဆိုင်ကယ်နှစ်စီးကို တားပြီး ပြည်သူလေးဦးကို ဖမ်းဆီးသွားပါတယ်။ အုပ်ချုပ်ရေးမှူး ကတော့ သေသလား၊ ရှင်သလား အတိအကျမသိပါဘူး"
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးဖြစ်ပြီး အခုလက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက လမ်းတွေကို ပိတ်ဆို့စစ်ဆေး ခဲ့သလို အခင်းဖြစ်နေရာအနီးက နေအိမ်တွေနဲ့ စားသောက်ဆိုင်တွေကိုပါ ဝင်ရောက်ရှာဖွေ ခဲ့တယ်လို့လည်း ပြောပါတယ်။
အသက် ၄၀ ကျော်အရွယ် ဦးမောင်မောင်သန်းဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေတာ အချိန်ငါးလခန့်ရှိနေပြီး ရပ်ကွက်အတွင်း ဧည့်စာရင်းတိုင်ရင် ငွေကြေးကောက်ခံတာတွေနဲ့ ရပ်ကွက်အတွင်း ခြိမ်းခြောက်ပြောဆိုတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။