ပုလဲမြို့နယ်မှာ စစ်တပ်က ရဟတ်ယာဉ်သုံး တိုက်ခိုက်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပုပ္ပါကျေးရွာမှာ နှစ်ရက်ကြာတပ်စွဲနေတဲ့ စစ်ကောင်စီတပ် သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲတို့ ဖေဖော်ဝါရီလ ၁၆ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ထွက်ပေါက်ပိတ်နေတဲ့ စစ်သားတွေအတွက် ရဟတ်ယာဉ်နဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“စစ်သားတွေက ရွာထဲမှာတပ်စွဲထားတော့ ဒေသခံတွေက အကုန်ပြေးနေကြတာ။ အဲဒါကို အိမ်တွေဖျက်ဆီး၊ ဆန်တွေကို လမ်းပေါ်ကြဲချထားခဲ့တယ်။ အသုံးဆောင် ပစ္စည်းတွေဆို ထုချေဖျက်ဆီးသွားတာ။ အခုကတော့ သူတို့မရှိတော့ဘူးဆိုလို့ တချို့ လည်း ရွာထဲပြန်ဝင်နေကြပါပြီ။ တချို့ကတော့ မဝင်ရဲသေးဘူး။ ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့တာတော့ မရှိဘူး“
မနေ့က တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် အတွင်းမှာ လှည့်လှည်နေတာဖြစ်ပြီး အခုလတ်တလောမှာတော့ ယင်းမာပင်မြို့ကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေဟာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေဖြစ်ပါတယ်။