မြန်မာအစိုးရကို ဖိအားတိုးပေးဖို့ ချက်သမတဟောင်းတိုက်တွန်း
2011.02.15

လူ့အခွင့်အရေး သတ်မှတ်ချက်တွေဟာ လူသားအားလုံးနဲ့ ဆိုင်တဲ့ စံတန်ဖိုးတွေ ဖြစ်ပြီး အခုလို ခေတ်ကာလ အခြေအနေမျိုးမှာ ပိုပြီး လေးစားလိုက်နာလာဖို့ တောင်းဆိုရမှာ ဖြစ်ကြောင်း၊ အခု အရှေ့အလယ်ပိုင်းဒေသမှာ လွတ်လပ်ခွင့်ရဖို့ တောင်းဆိုနေမှုတွေကို ကြည့်ရင် ဒီမိုကရေစီစံတွေဟာ လူသားအားလုံးနဲ့ သက်ဆိုင်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း ချက်သမတဟောင်းက ပြောပါတယ်။
ဆွေးနွေးပွဲကို ချက်ရီပတ်ဘလစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Karel Schwarzenberg လည်း တက်ရောက်ခဲ့ပြီး ချက်သမတဟောင်း ဗားဆလပ် ဟာဗဲနဲ့ အတူ ဆွေးနွေးပွဲကို ဒီကနေ့ မနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့တာပါ။ ဆွေးနွေးပွဲကို မြန်မာပြည် ရွေးကောက်ပွဲလွန် ဥရောပနိုင်ငံတွေရဲ့ သဘောထားပေါ်လစီလို့ အမည်ပေးထားပါတယ်။ ဒီဆွေးနွေးပွဲမှာ ဥရောပနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ဌာနက တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ Burma Project တာဝန်ခံ Ms Kristina Prunerova က ပြောပါတယ်။
ဥရောပ ၁၇ နိုင်ငံက အစည်းအဝေး တက်ရောက် နားထောင်ကြသလို တချို့ဟာလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဥရောပမှာ ရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း တက်ရောက် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။
ဒီအစည်းအဝေးကနေ ရွေးကောက်ပွဲ ပြီးသွားချိန် မြန်မာနိုင်ငံတွင်းက တိုးတက်ပြောင်းလဲမှုတွေကို လေ့လာမှာပါ။ ဒီဆွေးနွေးပွဲဟာ လာမဲ့ ဧပြီလမှာ ကျင်းပမဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဘုံသဘောထားကို ပြန်လည်သုံးသပ်ရာမှာ အထောက်အကူပေး မှာ ဖြစ်တယ်လို့ အစည်းအဝေး ကျင်းပသူတွေက ပြောဆိုပါတယ်။
အစည်းအဝေးနဲ့ ကျင်းပပုံနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က Prague မြို့က မြန်မာ့အရေး ဆောင်ရွက်နေသူတွေကို မေးမြန်းပြီး စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |