ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း မင်းရဲကျော်စွာလမ်းကို ယာယီပြောင်းရွှေ့
2013.03.03
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကို ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းမှာ ယာယီစခန်းအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောင်းရွှေ့ဖွင့်လှစ် လိုက်ပါတယ်။
အခုလို ယာယီပြောင်းရွှေ့ပေးထားပေမဲ့ အဲ့ဒီနေရာကို သေချာတဲ့ စီမံချက်နေရာတစ်ခုဖြစ်စေချင်တယ်လို့ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဌ ဦးမင်းကိုမြင့်က RFA ကို ပြောပါတယ်။
" ယာယီဆိုတဲ့အခါကျတော့ အဲ့ဒီကနေတစ်ခါ ဘယ်ကိုပြောင်းရမှာလဲ၊ ပြောင်းရွှေ့သွားတဲ့နေရာကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်ပေးမှာလဲ၊ သေချာတဲ့ အစီအစဉ်တွေနဲ့ ပြောင်းပေးပါ၊ ကျွန်တော်တို့ ကတိကဝတ်တွေနဲ့ လိုချင်တာပါ၊ မင်းရဲကျော်စွာဆိုရင်တော့ ကောင်းမွန်တဲ့အစီအမံတွေနဲ့ ဆိုရင်တော့ ကျွန်တော်တို့ ကန့်ကွက်စရာအကြောင်းမရှိပါဘူး"
မူလက အဲဒီကားဝင်းကို အလုံမြို့နယ် သီရိမင်္ဂလာဈေးဟောင်းနေရာကို ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ က စီစဉ်ထားပေမယ့် ကားဝင်းကို အမှီပြုပြီး စီးပွားရေးလုပ်ကိုင်နေကြတဲ့ ကားပွဲစားတွေ၊ ဈေးသည်တွေ၊ ကားရေဆေးသမားတွေက သဘောမတူဘဲ ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် အခု မင်းရဲကျော်စွာ လမ်းမှာ ယာယီယာဉ်ရောင်းဝယ်ရေးစခန်းအဖြစ် လုပ်ကိုင်ခွင့်ရခဲ့တာလို့ ကားပွဲစားတွေက ပြော ပါတယ်။