ဆရာကြီး ဦးဝင်းတင်အတွက် ပန်းခြံလို လုပ်ပေးသင့်ကြောင်းပြော


2016.04.21
hantharwaddy-wintin-620.jpg ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ကျင်းပတဲ့ ဆရာကြီး ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ NLD နာယက ဦးတင်ဦး ပြောကြားစဉ်
Photo: Kyaw Lwin Oo/RFA

ဒီမိုကရေစီအရေးအတွက် စွန့်လွှတ်အနစ်နာခံသွားတဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ နေရာတစ်ခုမှာ ပန်းခြံလိုမျိုး ထားပေးသင့်ကြောင်း အန်အယ်လ်ဒီ နာယက သူရဦးတင်ဦးက ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပတဲ့ ဆရာကြီး ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ အောက်မေ့ ဖွယ် အခမ်းအနားမှာ နာယက ဦးတင်ဦးက ပြောလိုက်တာပါ။

"၂ နှစ်ပြည့်တဲ့အခါ ဂုဏ်ပြုတာတင်သာမက တောက်လျှောက် နောင်လာနောင်သားတွေပါ အမှတ်တရဖြစ်နေစေဖို့အတွက် ကျနော်တို့ သူနဲ့ပတ်သက်တဲ့ဟာကို ဒီနိုင်ငံမှာ နေရာလေးတစ်ခုကို ကျနော်တို့က ရရှိပြီးတော့ ပန်းခြံသဘောမျိုးနဲ့ သူ့ရဲ့အထိမ်းအမှတ်သဘောမျိုးပေါ့နော်"

ဆရာ ဦးဝင်းတင်သာ အသက်ရှင်လျက်ရှိနေမယ်ဆိုရင် အခုလို အန်အယ်လ်ဒီက အစိုးရဖွဲ့နိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူမှာဖြစ်ကြောင်းနဲ့ မှားတာရှိရင်လည်း မှားတာကို ထောက်ပြမှာ ဖြစ်သလို မှန်တာကိုလည်း မှတ်တယ်လို့ ပြောမှာဖြစ်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်မလား အသစ်ပြန်လည် ရေးဆွဲွမလား ဆွေးနွေးခဲ့ကြတုန်းက ဆရာကြီး ဦးဝင်းတင်က အသစ်ပြန်လည် ရေးဆွဲမယ်ဆိုပြီး သူယုံကြည်တဲ့အတိုင်း ရပ်တည်ခဲ့သူဖြစ်ကြောင်းလည်း ဦးတင်ဦးက ပြန်ပြောပြပါတယ်။

စာရေးဆရာကြီး မင်းယုဝေ က ဦးဝင်းတင်ဟာ နှစ် ၁ဝဝ အတွင်းမှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ကြောင်း အခမ်းအနားမှာ ပြောပါတယ်။

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ဝင်တွေက ရေဝေးသုဿန်မှာရှိတဲ့ ဆရာ ဦးဝင်းတင်ရဲ့ အုတ်ဂူမှာ ဂါရဝပြုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။