ဟားခါးမြို့ က နေအိမ်နှစ်လုံး မီးလောင်

2021.11.01
ဟားခါးမြို့ က နေအိမ်နှစ်လုံး မီးလောင် ချင်းပြည်နယ် ဟားခါးမြို့ အထက (၁) ကျောင်းအနီးက မီးလောင်နေတဲ့ နေအိမ်နှစ်လုံးကို ၂၀၂၁ နိုဝင်ဘာ ၁ ရက်‌နေ့က တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအနားက နေအိမ်နှစ်လုံး နို၀င်ဘာလ ၁ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ ဟားခါးမြို့ခံတွေက ပြောပါတယ်။

မီးလောင်နေချိန်မှာ စစ်ကောင်စီတပ်သားတွေ စစ်ကားသုံးစီးနဲ့ ရောက်လာပြီး အနီးအနား ပတ်ဝန်းကျင်ကို သေနတ်ပစ်တာတွေ လုပ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဝါယာရှော့ကနေ လောင်သွားတာ၊ မီးလောင်နေတုန်း စစ်ကားတွေနဲ့လာပြီး သေနတ်တွေ ပစ်ဖောက် တယ်၊ မီးသတ်ဌာနကတော့ မီးလာသတ်တယ်၊ ခုတော့ ငြိမ်းနေပြီ ” လို့ ဒေသခံကဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ချင်းပြည်နယ် ထန်တလန်မြို့က လူနေအိမ် ၁၆၄ လုံးနဲ့ ချင်းခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း စစ်ကောင်စီတပ်သားတွေကြောင့် မီးလောင်ကျွမ်းသွားခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ထန်တလန်မြို့မီးလောင်ကျွမ်းတဲ့ ကိစ္စကို တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၃၁ ရက်နေ့ မနေ့ညနေ ၃ နာရီ ဝန်းကျင်မှာ မင်းတပ်မြို့ပေါ် ကင်းစောင့်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို ချင်းကာကွယ်ရေးအဖွဲ့ (CDF) က တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ် (CDF) ပြောခွင့်ရသူ ကိုယောမန်က RFA ကိုပြောပါတယ်။

“မနေ့က ၃ နာရီမှာ မင်းတပ်မြို့တွင်းမှာပဲ စစ်ကောင်စီဘက်က သုံးဦးသေတယ်၊ ရှစ်ဦးလောက်တော့ ဒဏ်ရာရတယ်၊ CDF ဘက်ကလည်း တစ်ဦးဒဏ်ရာရတယ်၊ အဓိက ထန်တလန်အတွက် လက်တုံ့ပြန် ပေးတာ ဖြစ်ပါတယ်” လို့ ကိုယောမန်ကဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နာရီဝက်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ တာကြောင့် ချင်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနဲ့ လူနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။