GW မျိုးဆက်သစ် ၅ နှစ်ပြည့်ပြီ
2012.10.09
ယခုပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေကြောင့် ၂၀၁၁ ခုနှစ်က စတင်ပြီး မြင်သာတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ မျိုးဆက်သစ်လူငယ်များအဖွဲ့ကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်က RFA ကိုပြောပါတယ်။
" ကျွန်တော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲတဲ့ လမ်းစတစ်ခုကိုသာ ရောက်နေသေးတာပါ။ ကျွန်တော်တို့ ရောက်ချင်တဲ့ ပန်းတိုင်တွေကို ရောက်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေကို ရောက်ဖို့အတွက် ဆိုရင် ကျွန်တော်တို့အားလုံး တူညီတဲ့ ဒါရိုက်ရှင် တစ်ခုကို ဝိုင်းပြီး တွန်းနိုင်တော့မှ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်က မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ရောက်နိုင်မှာ။"
မျိုးဆက်သစ် ကျောင်းသားများ အဖွဲ့ရဲ့ ၅ နှစ်ပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ဒိန်းမတ်နိုင်ငံ ခိုးဝါဟော့ခ် အထက်တန်းကျောင်းက ကျောင်းသားအဖွဲ့က အပြောင်းအလဲကို ငါတို့လုပ်နိုင်ခဲ့တယ် ဆိုတဲ့သီချင်းကို ဒိန်းမတ်ဘာသာနဲ့ သီဆိုဂုဏ်ပြုခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို မျိုးဆက်သစ်လူငယ်များ အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ အသီးသီးက တာဝန်ရှိသူတွေ အပြင် ဒိန်းမတ်နိုင်ငံ ခိုးဝါဟော့ခ် အထက်တန်းကျောင်းက ကျောင်းသား/ကျောင်းသူတွေ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။