နီပေါငလျင်ဘေးအတွက် အလှူငွေ ဒေါ်လာ ၃ သောင်းကျော်ကောက်ခံရရှိ


2015.04.29
nepal-earthquake-305.jpg နီပေါနိုင်ငံတွင် ငလျင်ကြောင့် ပျက်ဆီးသွားသော အဆောက် အအုံကိုတွေ့ရစဉ်။
Photo: RFA

ပြီးခဲ့တဲ့စနေနေ့ဖြစ်တဲ့ ဧပြီလ ၂၅ ရက်နေ့က နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်အနီး ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသူတွေကို အကူ အညီပေးဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူ ဓမ္မအဖွဲ့ချုပ်က အလှူငွေကောက်ခံရာမှာ ဒီနေ့ အထိ ဒေါ်လာသုံးသောင်းကျော် ရရှိထားပါတယ်။

အဲဒီအလှူငွေတွေကို မြန်မာနိုင်ငံမှာရှိတဲ့ နီပေါသံရုံးနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တစ်ဆင့် လှူဒါန်းသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင် ရာ ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ချုပ်ရဲ့ ရန်ကုန်အဖွဲ့ခွဲ ဒုတိယ ဥက္ကဌ ကိုဗစ်တာက ပြောပါတယ်။

"အလှူငွေတွေကို သံရုံးကနေတဆင့်ပို့မယ်၊ INGO၊ NGO ကတဆင့်ပေါ့နော်၊ မြန်မာ နိုင်ငံအစိုးရကနေ သွားရောက်အကူအညီပေးမယ့်သူတွေရှိတယ်၊ အဲ့မှာ လည်းကျနော် တို့ပေးလိုက်မှာပါ၊ တစ်နေရာတည်းပေးလိုက်ရင် တစ်နေရာဘဲရောက်သွားမှာဆိုးလို့၊ အဖွဲ့အစည်းအများကြီးကို ပေးလိုက်တော့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိသွားနိုင်တာပေါ့လေ၊ တစ်နေရာ တည်းမှာဆိုရင် အဲ့တစ်ခုတည်းဖြစ်မှာစိုးလို့ အဖွဲ့အစည်းကို ၄၊ ၅ ဖွဲ့လောက်ခွဲ ပြီးတော့လှူတာပါ"

လတ်တလောမှာ ငလျင်ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေအတွက် ယာယီရွက်ဖျင် တဲတွေ၊ စောင်၊ ဓာတ်မီးနဲ့ အသင့်စားအစားအစာတွေ လိုအပ်နေတယ် လို့ ခတ္တမန္ဒူ မြို့တော်အခြေစိုက် နီပေါ-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ ဦးဆူရှိလ်ရှာဟီးက ပြောပါတယ်။

ဒုက္ခသည်တွေကို ကူညီဖို့အတွက် မြန်မာနိုင်ငံအခြေစိုက် ဂေါ်ရခါးလူမှုရေးအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ချုပ်နဲ့ ပြည်ပရောက်နီပေါနိုင်ငံသားများ အဖွဲ့အစည်းတွေက အလှူငွေတွေ ကောက်ခံနေတာဖြစ်ပါတယ်။

အင်အား ၇ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီကနေ့အထိ ၅ထောင်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။