မြန်မာနိုင်ငံကို ဖိအားပေးဖို့ နီပေါအစိုးရကို လူ့အခွင့်ရေးအဖွဲ့တွေ တိုက်တွန်း


2018.11.29
assk-nepal-1000 ၂ဝ၁၈ နိုဝင်ဘာလ ၂၉ ရက်နေ့က နီပေါနိုင်ငံသို့ရောက်ရှိလာသည့် မြန်မာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နီပေါဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်စဉ်။
(Photo: MOFA Myanmar)

ရိုဟင်ဂျာဒုက္ခသည်တွေအရေး မြန်မာနိုင်ငံကိုဖိအားပေးဖို့ နီပေါအစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ရက်ကြာ နီပေါနိုင်ငံခရီးစဉ် စတင်ခဲ့တဲ့ ဒီနေ့မှာပဲ အခုလို တောင်းဆိုခဲ့ကြတာလို့ The Daily Star သတင်းမှာ ဖော်ပြထားပါတယ်။

ခတ္တမန္ဒူမြို့တော်မှာကျင်းပမယ့် ၂ဝ၁၈ အာရှ-ပစိဖိတ် ထိပ်သီးညီလာခံတက်ဖို့ နီပေါလ်နိုင်ငံကို သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နီပေါသမ္မတ Bidya Devi Bhandari ၊ ဝန်ကြီးချုပ် KP Sharma Oli နဲ့ နိုင်ငံခြားရေးဝန်ကြီး Pradeep Gyawali တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

အဲ့ဒီလိုတွေ့ဆုံတဲ့အခါ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံစိတ်ချမှုရှိရှိ နေရပ်ပြန်နိုင်ဖို့နဲ့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရားနည်းလမ်းတကျ စုံစမ်းစစ်ဆေးဖို့ နီပေါအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းရှင်းလင်းလင်း ပြောဆိုသင့်တယ်လို့လည်း နီပေါနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် Mohna Ansari က ပြောပါတယ်။

အလားတူ Amnesty International လူ့အခွင့်အရေးအဖွဲ့ကလည်း နီပေါနိုင်ငံရောက် ရိုဟင်ဂျာတွေအရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးဖို့ နီပေါအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာမွတ်စလင်တချို့ အိန္ဒိယနိုင်ငံကတဆင့် နီပေါနိုင်ငံထဲကို ဝင်ရောက်လာတာတွေ ရှိနေပြီး၊ ခတ္တမန္ဒူမြို့အနီးက ကျေးရွာတရွာမှာ ရိုဟင်ဂျာဒုက္ခသည်လေးရာလောက် ရှိနေပြီလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။