ဖားကန့်မှာ ဆိုင်ကယ်ရပ်မပေးလို့ လူငယ်နှစ်ဦး ပစ်သတ်ခံရကြောင်း မိသားစုဝင်ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကလပ်ကုန်းရပ်ကွက်က စျေးအဆင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာတဲ့ လူငယ် နှစ်ဦးကို ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူတွေဟာ ဖားကန့်မြို့၊ ကလပ်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုမရန်ဆိုင်းဂူနဲ့ အမည်အမိသေးတဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
အလောင်းတွေကို စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတာကြောင့် လက်ရှိ အလောင်းပြန်မရသေးပေမယ့် ဆုတောင်းပေးဖို့ လုပ်နေတယ်လို့ ကိုမရန်ဆိုင်းဂူရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ခါတိုင်းလည်း ဘာမှမဖြစ်တော့ သားကခါတိုင်းလိုပဲထင်ပြီး စစ်တပ်ရှိတာလည်း မထင်ဘူးထင်တယ်။ အဲဒါနဲ့ ပုံမှန်ပဲသွားနေတာ။ ဆိုင်ကယ်တားတော့ မရပ်လို့ဆိုပြီး ပစ်လိုက်တယ်လို့ အဲနားကလူတွေက ပြောလာတယ်။ ကျနော်တို့ အလောင်း မရလည်း အခုဆုတောင်းပေးဖို့ လုပ်နေတယ်။ ကျနော်တို့ကို ဘာမှပြောလာတာမရှိဘူး။ ဘယ်မှာ ဘယ်လို သင်္ဂြိုဟ်လိုက်တာလဲ မသိရဘူး"
ဖားကန့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း အဲဒီနှစ်ဦးကို စစ်ကောင်စီဘက်က ပစ်သတ်လိုက်သလို အလောင်းကို မိုးကာနဲ့လိပ် သယ်ဆောင်သွားပြီး ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုဟ်လိုက်ကြောင်း နီးစပ်သူတွေဆီက ပြန်သိထားရတယ်လို့ ပြောပါတယ်။
အဲဒီနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ပြီး အလောင်းပါယူသွားတယ်လို့ ပြောကြပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီကိစ္စအပေါ် မသိရသေးဘူးလို့ ပြန်လည် ဖြေဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၃ ရက် မနေ့ကထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံခဲ့ရတဲ့ ပြည်သူ ၂၃၃၂ ဦး ရှိပြီဖြစ်ပါတယ်။